News

POST TAGGED AS

ပုသိမ်

လွှတ်တော်ကိုယ်စားလှယ် တရားစွဲဆိုမှု တိုင်းလွှတ်တော်ကိုယ်စားလှယ် ၃၀ ခန့် လာရောက်နားထောင်
ပုသိမ်၊ နိုဝင်ဘာ  ၈ 

ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာရှိများ အပါအဝင် ၇ ဦးကို  ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တရားစွဲဆိုထားမှု နိုဝင်ဘာ ၈ ရက်က ဆက်လက် စစ်ဆေးရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အယောက် ၃၀ ခန့် လာရောက် နားထောင်ခဲ့ကြောင်း တရားပြိုင်များထံမှ သိရသည်။

တရားစွဲဆို ခံထားရသူများကို အားပေးသည့်အနေနှင့် လာရောက် နားထောင်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောပြသည်။

“သူတို့ (တရားလို)က အချေလွှာမှာ ပူးတွဲတင်ပြထားတဲ့ စာရွက်စာတမ်းမိတ္တူ ၂၇ မျိုးရဲ့ မူရင်းတွေကို ကြည့်ဖို့တောင်းတာကို ၁၁ ရွက်က တရားလိုဆီမှာ ရှိပြီးဖြစ်တဲ့အတွက် ၁၆ ရွက်ကို ရုံးတော်ရှေ့မှာ မူရင်းတွေ ပြသပေးဖို့ ရုံးတော်က အမိန့်ချထားတဲ့အတွက် ဒီနေ့ ပြသပေးရတာပါ”ဟု တရားစွဲဆိုခံရသည့် ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောကြားသည်။ 

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တရားစွဲခံရမှုမှာ လွှတ်တော်နှင့်အစိုးရ၏ ပုံရိပ်ကို ထိခိုက်စေကြောင်း၊ အမှန်တရား ပေါ်ပေါက်စေရန် ဥပဒေနဲ့အညီ ဖြေရှင်းနေကြောင်း ၎င်းက ပြောဆိုသည်။

ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကွင်းရှိ ဧက ၁၁၅၀ ကျော်ကို ၂၀ဝ၃ ခုနှစ်တွင် ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက ငါးကန်လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊  မြေအငြင်းပွားမှုများကြောင့် ၂၀၁၆ ခုနှစ်မှစတင်ကာ ကုမ္ပဏီအနေနှင့် ငါးမွေးမြူရေး လုပ်ကိုင်ခွင့် မရခြင်းနှင့် တရားစွဲဆိုခံရကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။ 

ယင်းကြောင့် ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူး(လက်ရှိ ကလောမြို့နယ် အုပ်ချုပ်ရေးမှူး)နှင့် ဌာနဆိုင်ရာ ၃ ဦး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ဒေသခံပြည်သူ ၁ ဦး စုစုပေါင်း ၇ ဦးတို့ကို ကျပ်သိန်း နှစ်သောင်း ရလိုမှုဖြင့် ဧရာဝတီ တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားမကြောင်းအရ တရားစွဲဆိုထားကြောင်း ပင်လုံ ရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီထံမှ သိရသည်။ 

အဆိုပါ တရားစွဲခံရမှုနှင့် ပတ်သက်၍  ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို ထောက်ခံကြောင်း၊ တရားစွဲဆိုထားမှုကို ရပ်တန့်ပေးစေလိုကြောင်းကို  ဧရာဝတီတိုင်းဒေသခံ ၂၀ဝ၀ ခန့်က စက်တင်ဘာ ၂၄ ရက်နေ့တွင် ညောင်တုန်းမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။ 

R- 11



FOLLOW US