News

POST TAGGED AS

ပုသိမ်

03-Nov-2017

ပုသိမ်
ပုသိမ်တွင် အကြိမ် ၃၀ မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပွဲကျင်းပ

ပုသိမ်၊ နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရွှေမုဌော မဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တွင် အကြိမ် ၃၀ မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ်ကပ်လှူ ပွဲတော်ကို နိုဝင်ဘာလ ၂ ရက်နေ့ တန်ဆောင်တိုင် မီးထွန်းပွဲတော် ပထမနေ့ ည ၆ နာရီက စတင် ကျင်းပခဲ့သည်။

စေတီတော်ကြီးအား လာရောက်၍ ကြည်ညိုဖူးမျှော်ကာ ဆီးမီးကပ်လှူသူများ၊ ယက္ကန်းခတ်ပြိုင်ပွဲကို အားပေးသူများဖြင့် ရွှေမုဌောစေတီတော်ကြီး၏ ရင်ပြင်တော် အပြည့်နီးပါး စည်ကားခဲ့သည်။

မသိုး သင်္ကန်းတော်အတွက် ယက္ကန်းပြိုင်ပွဲမှရသည့် ဖျင်စတော်များကို ၀ိနည်းတော်နှင့်အညီ ချုပ်လုပ်ကာ တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာလ ၃ ရက်) နံနက် အရုဏ်တက်ချိန်တွင် ရွှေမုဌော မဟာစေတီတော်မြတ်ကြီးကို လှည့်လည်ပူဇော်၍ ရင်ပြင်တော်ပေါ်ရှိ ခေတ်အဆက်ဆက် တည်ထား ကိုးကွယ်ထားသော ဗုဒ္ဓရုပ်ပွား ဆင်းတုတော် ၈၁ ဆူအား ဆက်ကပ်လှူဒါန်းကာ ၃၁ ဘုံရှိ လူနတ် ဗြဟ္မာနှင့် အများပြည်သူတို့အား ရေစက်သွန်းချ အမျှဝေသွားမည်ဖြစ်ကြောင်း၊ ရက္ကန်း ပြိုင်ဝင်များ အားလုံးကို ဆုတော်များချီးမြှင့်မည်ဖြစ်ကြောင်း ရွှေမုဌောစေတီတော်မြတ်ကြီး၏ အကျိုးတော်ဆောင် ဂေါပက အဖွဲ့မှ အလှည့်ကျ သဘာပတိ ဦးတင်ဝင်းက The Voice သို့ပြောသည်။

“ရိုးရာ အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မသိုးသင်္ကန်း ရက်လုပ်တဲ့ ယက္ကန်းစင်တော်က ၁၀ စင်ပါ၊ လာရောက် ယှဉ်ပြိုင်သူတွေက ပုသိမ်မြို့နယ်အတွင်းက ယက္ကန်းပညာရှင် အမျိုးသမီး ၃၀ ဦးပါ ၊ ရက်လုပ်ပြီး သင်္ကန်းတွေကိုတော့ ၀ိနည်းတော်နဲ့အညီ ပုသိမ်မြို့ အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်းက ဆရာမတွေနဲ့ သင်တန်းသားတွေက ချုပ်လုပ်ကြပါတယ်”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ယခင်က ပုသိမ်မြို့တွင် ယက္ကန်းလုပ်ငန်း ထွန်းကားခဲ့ကြောင်း ပုသိမ်မြို့ရှိ င၀န်ကျွန်းသာ၊ ယက္ကန်းကွက်သစ်၊ အောင်ချမ်းသာ၊ မြို့ပတ်လမ်း၊ နှစ်ထောင်တန်၊ ဇေယျဝတီ၊ ကရင် အမျိုးသမီးကုန်း စသည့် ရပ်ကွက်တို့တွင် ရိုးရာယက္ကန်းစင်ဖြင့် အထည်ရက်လုပ်သည့် လုပ်ငန်း အများအပြား ရှိခဲ့ သော်လည်း ယခုအခါ ယက္ကန်းကွက်သစ်နှင့် ကရင်အမျိုးကုန်း ရပ်ကွက်တို့တွင်သာ အနည်းငယ် ရှိနေတော့ပြီး ပုသိမ်မြို့တွင် မြန်မာ့ရိုးရာ ယက္ကန်းလုပ်ငန်း ကွယ်ပျောက် လုနီးဖြစ်နေကြောင်း အဆိုပါပြိုင်ပွဲသို့ ရောက်ရှိနေသော ယက္ကန်းလုပ်ငန်းရှင် ဦးကျော်တင့်က ဆိုသည်။

R-12

  • VIA


FOLLOW US