News

POST TAGGED AS

ပုလဲရတု

ရှစ်လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားတွင် နိုင်ငံရေးသုံးသပ်ချက်စာတမ်းများ ဖတ်ကြားမည်
ရန်ကုန်၊ ဇွန် ၁၀

ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားတွင် ၁၉၈၈ ခုနှစ် ကာလမှ လက်ရှိ နှစ် ၃၀ အတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးသုံးသပ်ချက် စာတမ်းများကို ဖတ်ကြားဆွေးနွေးမည် ဖြစ်ကြောင်း ရှစ်လေးလုံး ပုလဲရတုအခမ်းအနား ကျင်းပရေးကော်မတီဝင် ဦးညိုထွန်းက ပြောကြားသည်။

ဇွန်လ ၁၀ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်း၌ ပြုလုပ်သော ရှစ်လေးလုံးအရေးတော်ပုံ ပုလဲရတု အခမ်းအနားကျင်းပရေးဆိုင်ရာ အကြိုညှိနှိုင်းပွဲတွင် အထက်ပါအတိုင်း ကျင်းပမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားကို ဩဂုတ်လ ၆ ရက်မှ ၈ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။

“ပုံမှန်အခမ်းနားထက် နည်းနည်းထူးတာပေါ့။ ပထမနှစ်ရက်မှာတော့ နိုင်ငံရေးစာတမ်းတင်ပြီး ဆွေးနွေးကြမယ်။ ၈ ရက်ကျတော့ ရှစ်လေးလုံးအခမ်းအနား လုပ်မယ်ပေါ့။ ဘယ်သူတွေ စာတမ်းတင်ပြီး ဖတ်မလဲတော့ မသိသေးဘူး။ အကြမ်းဖျင်း ဆုံးဖြတ်ထားတာပေါ့”ဟု ဦးညိုထွန်းက ဆိုသည်။

ရှစ်လေးလုံး ပုလဲရတုကျင်းပရန် ဘဏ္ဍာငွေရှာဖွေရေးကော်မတီနှင့် အခမ်းအနားကျင်းပရေး ကော်မတီကို ဖွဲ့စည်းထားပြီး ပွဲကျင်းပမည့်နေရာကို မသတ်မှတ်ရသေးကြောင်း၊ ပုလဲရတုကျင်းပမည့် နောက်ဆုံးရက် ဩဂုတ်လ ၈ ရက်အမီ အစိုးရ၏မြေနေရာသတ်မှတ်ပေးမှု တရားဝင်ရရှိပါက ရှစ်လေးလုံးသမိုင်း ပြတိုက်တည်ဆောက်မည့် မြေနေရာ၌ ပြတိုက်ပန္နက်ရိုက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရှစ်လေးလုံးနှစ်ပတ်လည်အခမ်း အနားကို ၂၀၁၂ ခုနှစ်မှစတင်၍ တရားဝင်ကျင်းပခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကျင်းပသည့် ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ပြန်လည်ရေးဆွဲရန်၊ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေး ပွဲတစ်ရပ်ပြုလုပ်ရန်နှင့် ဖက်ဒရယ်ပြည် ထောင်စုပေါ်ထွန်းလာရန်ဟူသည့် ဆုံးဖြတ်ချက်သုံးခု ချမှတ်ခဲ့ပြီး ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းထားခဲ့သော်လည်း အဆိုပါ လုပ်ငန်းအောင်မြင်မှု မရှိခဲ့ကြောင်း အဆိုပါ ကော်မတီဝင်များက ဝန်ခံထားသည်။

ဝေလင်း



FOLLOW US