News

POST TAGGED AS

ပုပ္ပါး

26-May-2018

ဂေါပက ပုပ္ပါး
ပုပ္ပားဂေါပကအဖွဲ့နှင့် နတ်နန်းဓာတ်ခန်း တာဝန်ရှိသူ ၁၅ ဦးကို တရားစွဲ
ချောက်၊ မေ ၂၆

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကလပ်၏ ဂေါပကအဖွဲ့နှင့် နတ်နန်းဓာတ်ခန်းများမှ တာဝန်ရှိသူများ ပါဝင်သည့် ၁၅ ဦးကို ဒေသခံများက တရားစွဲလိုက်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယင်းတာဝန်ရှိသူများကို ကျောက်ပန်းတောင်းမြို့နယ် တရားရုံး၌ ရာဇသတ်ကြီး ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆိုခြင်းဖြစ်ပြီး ယခုရာထူးများမှ ဖယ်ရှားပေးရန် ဒေသခံများက တောင်းဆိုလျက်ရှိသည်။

ပုပ္ပားတောင်ကလပ်ပေါ်ရှိ နတ်နန်း၊ ဓာတ်ခန်းများတွင် အများပြည်သူ လှူဒါန်းထားသည့် လက်ဆက်ငွေ၊ ဓာတ်ဆက်ငွေများ (အများပြည်သူမှ ဘိုးတော်၊ ဘုရားသပိတ်၊ နတ်ရုပ်တုပုံတော်များကို ကိုယ်တိုင် ဆက်ကပ်သည့် အလှူငွေ)ကို ပွင့်လင်းမြင်သာစွာ ထိန်းသိမ်းဆောင်ရွက်မှု မရှိသည့်အတွက် ပုပ္ပားကျေးရွာအုပ်စု ဒေသခံများ ကိုယ်စား တိုင်ကြားထားကြောင်း ပုပ္ပားတောဇကျေးရွာနေသူ ဦးစိုးညွှန့်က ပြောကြားသည်။

“ကျွန်တော်တို့ တောင်ကလပ်က ကျောက်ပန်းတောင်းနဲ့ လက်ရှိဂေါပက ၆ ဦး၊ နန်းထိုင် ၇ ဦး၊ စာရေးမ ကြီးကြပ်ရေးနဲ့ ဆိုရင်တော့ အားလုံးပေါင်း ၁၅ ဦး တရားစွဲဆိုထားပါတယ်”ဟု ၎င်းကပြောဆိုသည်။

ပုပ္ပားတောင်ကလပ် တောင်ထိပ်တွင် အလှူခံဌာနကြီး ခုနစ်ခုရှိပြီး ယင်းလှူဒါန်းငွေများမှ ဂေါပကအဖွဲ့ အပ်နှံငွေသည် တစ်လလျှင် ကျပ်လေးသိန်းကျော်သာ အပ်နေကာ အပိုအလှူငွေများကို ကိုယ်ကျိုးအတွက် သုံးစွဲနေကြောင်း ပုပ္ပားတောင်ကလပ် ကျေးရွာနေသူ ဦးညိုထွန်းက ပြောကြားသည်။

ပုပ္ပားဂေါပကအဖွဲ့မှာ ကျောက်ပန်းတောင်းမြို့နှင့် ပုပ္ပားမြို့တို့မှ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များက ဖွဲ့စည်းပေးထားသည့် ဂေါပကအဖွဲ့ဖြစ်ပြီး ဂေါပကသက်တမ်း လေးလအတွင်း လေးကြိမ် တိုင်ကြားခြင်း ခံထားရပြီးဖြစ်ကြောင်း ယင်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသာအေးက ပြောဆိုသည်။

“၁၅ ယောက် တစ်ခါတိုင်တယ်။ နောက်တစ်ခါ ငါးယောက်တိုင်တယ်။ လေးလအတွင်းမှာ လေးကြိမ် အတိုင်ခံ ရပါတယ်။ ခု (၄၀၆) နဲ့ စွဲထားတာ ကျွန်တော်တို့ မသိသေးပါဘူး။ လေးလအတွင်းမှာ လေးမှုရှိပြီ”ဟု ၎င်းကပြောဆိုသည်။

ဂေါပကရုံးထံ ပေးသွင်းရသည့် လက်ဆက်ငွေ လေးသိန်းတစ်သောင်းငါးထောင်သည် လွန်ခဲ့သော ၁၀ နှစ်ကျော် သက်တမ်းရှိသည့် ယခင်ဂေါပကအဖွဲ့မှ သတ်မှတ်ထားသော နှုန်းထားဖြစ်ပြီး ယခုခေတ်ကာလ ပြောင်းပြီဖြစ်၍ တိုးမြှင့်ကောက်ခံသင့်သည့်အတွက် ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

နေနိုင်(ချောက်)



FOLLOW US