News

POST TAGGED AS

ပုပ္ပါး

ပုပ္ပါးတောင်ကလပ်တွင် ကေဘယ်ကားပြေးဆွဲရန် အိန္ဒိယကုမ္ပဏီ လူထုစစ်တမ်းကောက်


မန္တလေး၊ ဇန်နဝါရီ ၂၈

ပုပ္ပားတောင်ကလပ်တွင် ကေဘယ်လ်ကားတပ်ဆင်ပြေးဆွဲနိုင်ရန် အိန္ဒိယကုမ္ပဏီတစ်ခုက လူထုသဘောထား စစ်တမ်းကောက်ယူလျက်ရှိကြောင်း ကျောက်ပန်းတောင်းမဲဆန္ဒနယ်အမှတ် (၁) မှ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောကြားသည်။

“ပုပ္ပားတောင်ကလပ်မှာ ကေဘယ်လ်ကားတပ်ဆင်နိုင်ဖို့အတွက် လူထုနဲ့ တွေ့ဆုံပြီး လူထုရဲ့သဘောထားကို မေးတာပါ။ ပြည်သူက မကန့်ကွက်ဘူးဆိုရင်တောင် လုပ်ရမှာတွေက အများကြီးကျန်ပါသေးတယ်။ ကျွန်တော်တို့ကတော့ သဘာဝပတ်ဝန်းကျင် မပျက်စီးဘူး၊ ဒေသခံတွေလည်း အကျိုးအမြတ်ရှိမယ်၊ နိုင်ငံခြားခရီးသည်တွေကိုလည်း ဆွဲဆောင်မှုရှိတယ်ဆိုရင် လက်ခံပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါလူထုတွေ့ဆုံပွဲကို ကျောက်ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် လူဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း၊ ကေဘယ်လ်ကားတပ်ဆင်မည့် ကုမ္ပဏီတာဝန်ရှိသူများ၏ အဆိုအရ ကေဘယ်လ်ကားကို ပုပ္ပားတောင်ကလပ်၏ အနောက်တောင်ထောင့်တွင် တပ်ဆင်မည်ဟု သိရကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ပုပ္ပားတောင် ချစ်သူများအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းဆွေက ပြောကြားသည်။

“ကေဘယ်လ်ကြိုးဆင်တဲ့အခါမှာ တောင်ကိုမထိခိုက်စေဘဲနဲ့ မြေထဲကို ပိုင်တွေရိုက်ပြီးတော့ ဆင်မယ့်အကြောင်း ရှင်းပြတာဖြစ်ပါတယ်။ သဘာဝအလှကို မထိခိုက်ဘူး၊ ပတ်ဝန်းကျင်ကိုမထိခိုက်ဘူးဆိုရင် မကန့်ကွက်ပါဘူး။ ကျွန်တော်တို့ ယူဆတာတော့ ကေဘယ်လ်ကားကို ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ တက်ကြမှာဖြစ်ပါတယ်။ ဒီကိုလာတဲ့သူတွေက ခြေလျင်တက်မယ့်သူတွေရှိနေဦးမှာပဲ။ ကေဘယ်လ်နဲ့ ဘယ်ဧည့်သည်တွေကမှ အားတက်သရော တက်ကြမယ်မထင်ပါဘူး”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါလုပ်ငန်းကို အိန္ဒိယနိုင်ငံမှ Damodrarope Ways & Infra Co., Ltd. က စစ်တမ်းကောက်ယူနေခြင်းဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် လမ်းဦးစီးဌာနထံမှ သိရသည်။ 

ပုပ္ပားတောင်သည် ကျောက်ပန်းတောင်းမြို့ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိကာ တောင်မကြီးသည် အမြင့်ပေ ၄၉၈၁ ရှိပြီး တောင်ကလပ်သည် ၂၄၁၇ ပေမြင့်၍ ပညာရှင်များက မီးသေတောင်အဖြစ် ခန့်မှန်းထားသည်။ 

ပြီးခဲ့သော အောက်တိုဘာလအတွင်းက ပုပ္ပားတောင်ကလပ်တွင် မြေပြိုမှုများ ဖြစ်ခဲ့ခြင်းကြောင့် ဘူမိဗေဒပညာရှင်များနှင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့ကသုတေသနလုပ်ငန်းများ လုပ်ဆောင်ခဲ့သေးသည်။

M-05



FOLLOW US