News

POST TAGGED AS

ပုပ္ပါး

အိန္ဒိယအမျိုးသမီးများဘဝ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ အလွန်ဆူညံသော ဂူဝါဟာတီမြို့၏ တောင်ကုန်းထိပ်တွင်ရှိသော ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဘုရားကျောင်းတစ်ကျောင်းရှိသည်။ ထိုဘုရားကျောင်းရှေ့ရှိ ကွပ်ပျစ်လေးတစ်ခုပေါ်တွင် မဟတ္တမဂန္ဒီသည် အိပ်စက်ခဲ့ဖူးသည်။ ၁၉၂၁ ခုနှစ် သူဤနေရာတွင် ရှိခဲ့စဉ်က အားနွဲ့သူအမျိုးသမီးများအပေါ် အကြမ်းဖက်လုပ်ရပ်များသည် ရက်စက်ပြီး လူသားမဆန်သည့် လုပ်ရပ်များဖြစ်ကြောင်း ဟောပြောညွှန်ပြဆုံးမခဲ့ပါသည်။

ထိုတောင်ကုန်းလေးနှင့် မိုင်အနည်းငယ်သာ ကွာဝေးသည့် နေရာတစ်နေရာတွင်ဖြစ်သည်။ ကျောင်းသားအရွယ် ကောင်မလေးတစ်ယောက်သည် အရက်ဆိုင်ထဲက ပြေးထွက်လာသည်။ သူ့နောက်တွင် ယောကျာ်း ၁၈ ဦးခန့်သည် ပြေးလိုက်လာကြသည်။ သူတို့က ကောင်မလေးကို ဆံပင်ကဆွဲပြီး လမ်းဘေးကို ခေါ်သွားသည်။ သူတို့အထဲက တစ်ယောက်က ကင်မရာဖြင့် မှတ်တမ်းတင်နေသည်။ ကောင်မလေးကို အင်္ကျီတွေဆွဲဖြဲနေသူက ကင်မရာကိုကြည့်ပြီး ပြုံးပြလိုက်သေးသည်။ 

ထိုအဖြစ်အပျက် ဖြစ်ပွားနေချိန်မှာ ည ၉ နာရီခွဲအချိန်သာ ရှိသေးသည်။ ဂူဝါဟာတီမြို့တွင် လူစည်ကားလျက် ရှိနေသေးသည်။ သုံးလိုင်းသွား ကားလမ်းပေါ်တွင် တုတ်တုတ်တက္ကစီတွေ၊ ကားတွေက တီတီပေါ်ပေါ် ဟွန်းတွေတီးကာ သွားလာနေကြဆဲဖြစ်သည်။ ကောင်မလေးတစ်ယောက်ကို လူ ၁၈ ဦးခန့်က အကြမ်းဖက်နေမှုကို အားလုံးမြင်နေကြသည်။ မိနစ် ၂၀ ခန့်ကြာသည်အထိ ရဲကိုလည်း မည်သူမှ အကြောင်းမကြား။

ဘေးတွင် ဝိုင်းကြည့်နေသူတို့က ရဲကို ခေါ်မည့်အစား ဖုန်းတွေနဲ့ဝိုင်းပြီး မှတ်တမ်းတင်နေကြသည်။ ကောင်မလေးက အပေါ်ပိုင်းတွင် အဝတ်အစားများမရှိတော့။ ရင်သားများကို လက်နဲ့ကာရင်းက ဒူးထောက်ပြီး တောင်းပန်နေရှာသည်။ ဖြတ်သွားသော ကားတွေကိုလည်း အော်ဟစ်ပြီး အကူအညီတောင်းနေရှာသည်။ ဒေသတီဗီလိုင်းတစ်လိုင်းက ထိုအဖြစ်အပျက်ကို ကင်မရာဖြင့် ရိုက်နေခြင်းဖြစ်သည်။ အကူအညီပေးခြင်းမရှိ။ ကောင်မလေးကို ရဲမရောက်လာမီ ၄၅ မိနစ်တိုင် မဖွယ်မရာပြုမူနေကြခြင်းဖြစ်သည်။ 

ထိုမှတ်တမ်းကို အခင်းဖြစ်ပြီး နာရီဝက်အကြာတွင် Assam’s NewsLive တီဗီလိုင်းက ထုတ်လွှင့်ပြသလိုက်သည်။ တစ်မြို့လုံး အဖြစ်အပျက်ကို တွေ့လိုက်ကြရသည်။ ရှီတဲ ရှာမာနှင့် ဘီတိုပီ ဒတ္တတို့က ထိုရုပ်သံကို တွေ့လိုက်ရာ အလွန်ထိတ်လန့်သွားခဲ့ကြသည်။ 

“ကျွန်မဒေါသတွေ အလိပ်လိုက်တက်လာတယ်။ ဒီလို ထုတ်လွှင့်ပြသတယ်ဆိုတာလည်း အလွန်ရိုင်းစိုင်းယုတ်မာတဲ့ လုပ်ရပ်ပဲ။ ပြီးတော့ သတင်းအစီရင်ခံသူ ပြောနေတာ ပိုဆိုးသေးတယ်။ သူတို့ဟာ မူးနေလို့ပါဆိုပြီး ပြောသွားတာ”ဟု ရှာမာကဆိုသည်။ ရှာမာသည် အသက် ၂၉ နှစ်အရွယ်ဖြစ်ပြီး North-East Network အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်နေသူတစ်ဦးလည်းဖြစ်သည်။ ထိုအဖွဲ့သည့် ဂူဝါဟာတီမြို့တွင် အခြေစိုက်ထားသော အမျိုးသမီးအခွင့်အရေးအဖွဲ့လည်းဖြစ်သည်။ 

“ဘယ့်နှယ်ရှင် ကောင်မလေးတစ်ကိုယ်လုံးကို အထက်အောက် နေရာလပ်မကျန် ပယ်ပယ်နယ်နယ်ကို ရိုက်ပြနေတော့တာ။ ပိုဆိုးတာက ရင်သားတွေကို အနီးကပ်ရိုက်ချက်တွေ။ ပေါင်ကြားတွေတောင် မကျန်တော့ဘူး”ဟုလည်း အသက် ၂၂ နှစ်အရွယ် ဒတ္တက ဆိုသည်။

ရဲတွေရောက်လာပြီးနောက် ကောင်မလေးကို ခေါ်သွားကြသည်။ ကောင်မလေးက အသက် ၂၀ ဝန်း ကျင်သာရှိဦးမည်။ NewsLive တီဗီလိုင်းက ထိုအကြောင်းကို တစ်ညလုံး အကြိမ်ကြိမ် ပြန်လည်ထုတ်လွှင့်ပြနေသည်။ ကောင်မလေးကို စစ်ဆေးနေကြောင်း၊ ဆေးစစ်နေကြောင်းတွေလည်း ပြောသည်။ တီဗီလိုင်းပေါ်တွင် မျက်နှာတွေ အတိုင်းသားတွေ့နေရသည့် အကြမ်းဖက်ရိုင်းစိုင်းသည့် ယောကျာ်းသားများကို တစ်ယောက်မှ ဖမ်းဆီးအရေးယူထားသည်ဆိုသည့် သတင်းမတက်လာသေး။ NewsLive ရုပ်သံလိုင်းမှ အယ်ဒီတာချုပ်က သူ၏ Twitter ပေါ်ကတစ်ဆင့် မှတ်ချက်ဝင်ပေးသည်။ ကောင်မလေးကို အရက်ဆိုင်နှင့် နိုက်ကလပ်များတွင် ကျက်စားနေသည့် ပြည့်တန်ဆာတစ်ယောက်ဟူ၏။ သူလည်း မကြာမီ ထိုရုပ်သံက နုတ်ထွက်သွားခဲ့ရသည်။

နောက်ရက်အနည်းငယ်အကြာတွင် News Live က ထုတ်လွှင့်ပြသခဲ့သည့် ထိုမှတ်တမ်းကိုပင် ဒေလီရှိ နိုင်ငံတော်ရုပ်သံလိုင်းက ဖြတ်တောက်တည်းဖြတ်ပြီး ထပ်ဆင့်ထုတ်လွှင့်ပေးခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် ရဲတွေ အရှက်များစွာ ရခဲ့ကြရသည်။ ဂူဝါဟာတီနယ်သားများကလည်း ပေါက်ကွဲကာ ဒေါသထွက်ပြီး အကြမ်းဖက်သူများကို ဖမ်းပေးရန် လမ်းပေါ်ထွက် ဆန္ဒပြအော်ဟစ်ကြတော့သည်။ အခင်းဖြစ်ပွားပြီး ၆ ရက်အကြာတွင်မှ အာသံနယ်ဝန်ကြီးက ရဲတပ်ဖွဲ့ကို ဖမ်းဆီးရန် အမိန့်ထုတ်နိုင်သည်။ သံသယရှိသူ ၁၂ ဦးကို ဖမ်းလိုက်သည်။ ထိုညက အကြမ်းဖက်ခံရသူ ကောင်မလေးကိုလည်း ဝန်ကြီးကိုယ်တိုင်တွေ့ဆုံပြီး နစ်နာကြေးအဖြစ် ရူပီး ၅၀၀၀၀ ပေးအပ်ခဲ့သည်။

ထိုတစ်ညက ပျက်စီးဆုံးရှုံးခဲ့ရသော အမျိုးသမီးတစ်ဦး၏ သိက္ခာ၊ အမျိုးသမီးတစ်ဦး၏ အစော်ကားခံဘဝကို မည်သူတွေက ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့ပါသနည်း။ အိန္ဒိယတွင် အမျိုးသမီးတို့ဘဝ မလုံခြုံ စိတ်မချ ဖြစ်နေရသည်မှာကြာပြီ။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဒီမိုကရေစီနိုင်ငံကြီးအဖြစ် နာမည်ကျော်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် နိုင်ငံတော်အကြီးအကဲအဖြစ် အမျိုးသမီးတစ်ဦးဖြစ်သူ အင်ဒီယာဂန္ဒီကို ဝန်ကြီးချုပ်ရာထူး ပေးအပ်ခဲ့သည်။ သို့သော် မျက်မှောက်ကာလ ရုပ်သံ၏ ထုတ်လွှင့်ပြသမှုများထဲတွင်တော့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။

အိန္ဒိယနိုင်ငံ အလယ်ပိုင်း၊ ဥတာပရာဒက်ရှ်ပြည်နယ်၊ ဘာဂါပက်ရွာလေးတွင် အမျိုးသမီးများကို မိုဘိုင်းလ်ဖုန်းများ ကိုင်ဆောင်ခွင့်မပြုပေ။ လမ်းထွက်လျှင်လည်း အဖော်ပါရသည်။ ယောကျာ်းပါရသည်။ မျက်နှာကို အဝတ်ဖုံးရသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး ရုပ်သံလိုင်းတစ်ခုဖြစ်သည့် NDTV က -

“အမျိုးသမီးတွေအပေါ် လုံးဝလေးစားမှုမရှိတာ။ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုလည်း လေးစားမှုမရှိဘူး။ ဥပဒေက မည်သို့ဆိုစေ မည်သူကမှ ဂရုမစိုက်ဘူး”ဟု မှတ်ချက်ပေးခဲ့သည်။ 

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများကို အကြမ်းဖက်မှုဆိုင်ရာ အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းသတ်မှတ်ထားခြင်း မရှိသေးပေ။ မုဒိမ်းမှုဆိုရာတွင်ပင် အထမြောက်မှ ပြစ်မှုဟုသတ်မှတ်သည့် အဆင့်သာရှိသေးသည်။ အထမမြောက်လျှင် အမျိုးမျိုး ဥပဒေကို ကောက်ယူနိုင်သည့်သဘောတွေ ဖြစ်နေသည်။ ဂူဝါဟာတီတွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှုတွင် မုဒိမ်းမှု မဟုတ်သောကြောင့် ဖမ်းဆီးထားသူများကို အများဆုံး အပြစ်ပေးနိုင်မှ ထောင်ဒဏ် ၁ နှစ် ဖြစ်သည်။ ငွေဒဏ်လည်းဖြစ်သွားနိုင်သလို၊ ထောင်ဒဏ်ငွေဒဏ် နှစ်မျိုးစလုံးလည်း ပူးတွဲကျနိုင်သည်။ 

ဤအဖြစ်အပျက်သည် အိန္ဒိယနိုင်ငံ၏ ပျက်စီးကျဆုံးလာမှုတစ်ခုဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားတွေ ဆုံးရှုံးပျက်စီးနေပြီကို ပြဆိုရုံမက၊ အမျိုးသမီးတို့ဘဝကို အစိုးရကိုယ်တိုင်ကပင် လုံခြုံစိတ်ချရသည့် ဘဝတစ်ခုဖြစ်စေရန် အကာအကွယ်မပေးနိုင်တော့ကြောင်း Hindustan Times သတင်းတွင်ဖော်ပြထားသည်။ ဆောင်းပါးရှင် ဆာမန် ဟာလန်ကာက -

“အဖွဲ့အစည်းတိုင်းမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတယ်။ ဒါပေမဲ့ အပြစ်ပေးခံနေရတဲ့ ယောကျာ်းတွေကတော့ နည်းတယ်”ဟု သုံးသပ်ထားသည်။ 

G20 အဖွဲ့ဝင်နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံသည် အမျိုးသမီးများ အကြမ်းဖက်အများဆုံးခံနေရပြီး အခွင့်အရေး ဆုံးရှုံးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံက ဒုတိယလိုက်သည်။ အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများကို ရောင်းကုန်သဘောထားပြီး ရောင်းဝယ်နေမှုများရှိသည်။ အသက် ၁၀ ခန့်တွင် လက်ထပ်ပေးနေမှုများရှိသည်။ လက်ထပ်ကြေးပေးကာ လက်ထပ်ရန် ကတိပြုပြီးမှ လက်မထပ်ဘဲ ရှောင်ပြေးလျှင် ဖမ်းဆီးပြီးမီးရှို့သည်။ အိမ်ကျွန် အခိုင်းအစေများအဖြစ် ရောင်းစားခြင်းခံနေရမှုများ ယနေ့တိုင်ရှိနေဆဲဖြစ်သည်။

အမျိုးသမီးများဘဝ အခွင့်အရေးဆုံးရှုံးနေမှုမှာ အိန္ဒိယတစ်နိုင်ငံတည်းမဟုတ်။ ကွန်ဂိုသမ္မတနိုင်ငံတွင် အမျိုးသမီးပေါင်း ၄ သိန်းကျော်မှာ နှစ်စဉ် မုဒိမ်းကျင့်ခြင်းခံနေကြရသည်။ ဆိုမာလီနှင့် ကွန်ဂိုတို့တွင် လူလားမြောက်လာသည့် အမျိုးသမီးတိုင်းကို မအင်္ဂါ ဖြတ်တောက်ပြုပြင်ခြင်းများကို ယနေ့တိုင် ပြုလုပ်နေသေးသည်။ အိန္ဒိယနိုင်ငံတွင် အသက် ၁၈ နှစ်မတိုင်မီ လက်ထပ်ပေးခြင်းခံနေရသည့် အမျိုးသမီးများမှာ ၄၅ ရာခိုင်နှုန်းခန့်ရှိကြောင်း International Centre for Research on Women (2010) အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အိန္ဒိယနိုင်ငံ ဥဒါပါအနီးရှိ ကျေးရွာများတွင် ဖောက်ပြန်သည့် အမျိုးသမီးများကို ကိုယ်လုံးတီးချွတ်ပြီး အပြစ်ပေးခြင်း၊ ခေါင်းတုံးရိတ်ခြင်းများဖြင့် အပြစ်ပေးမှုများ ရှိနေသည်။ ကယ်ဆယ်ရန် ရောက်လာသည့် ရဲကိုပင် ရွာသားတွေက ခဲနှင့် ဝိုင်းပေါက်ကြသည်။ ဥတာပရာဒက်ရှ်ပြည်နယ်တွင် အမျိုးသမီးတစ်ယောက်က ရဲတပ်ဖွဲ့တွင် ဝိုင်းပြီး ရဲတပ်သားများ၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်။ 

အင်ဒိုရီနယ်တွင် အမျိုးသားတစ်ယောက်သည် မိန်းမကိုယ်ကို သော့ခတ်ထားမှုဖြင့် အဖမ်းခံခဲ့ရသည်။ အသက် ၃၈ နှစ်အရွယ် ဆိုဟန်လာချိုဟန်ဆိုသူသည် နေ့စဉ်အလုပ်သွားစဉ် မိန်းမကို ဆီးသွားရန် အပေါက်သာ ဖောက်ထားသည့် ပစ္စည်းတစ်မျိုးကို ဝတ်ပေးပြီး သော့ခတ်ကာ သော့ကို သူ့ခြေအိတ်ထဲ ထည့်သွားလေ့ရှိသည်။ ကာနာတာကာပြည်နယ်တွင်လည်း သွားဆရာဝန်တစ်ယောက်သည် ဇနီးဖြစ်သူက လက်ထပ်ကြေးအဖြစ် သတ်မှတ်ထားသော လက်ဖွဲ့ငွေကို မပေးသောကြောင့် ဇနီးကို သူပေါက်ထားသည့် ဆီးအား အတင်းသောက်ခိုင်းသဖြင့် အရေးယူခဲ့ရမှုတစ်မှု ဖြစ်ပွားခဲ့သည်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ရာဂျက်စ်သန်ပြည်နယ်မှ ကျေးရွာလေးတစ်ရွာတွင် ဇာတ်နိမ့်ကောင်လေးတစ်ယောက်နှင့် ချစ်ကြိုက်နေသည့် အသက် ၂၀ အရွယ် ကောင်မလေးတစ်ယောက်ကို ဖခင်ဖြစ်သူက ခေါင်းဖြတ်သတ်လိုက်သည်။ ခေါင်းပြတ်ကြီးကိုကိုင်ပြီး ရွာကိုလှည့်ပတ်ပြသည်။ ဇာတ်နိမ့်များကို ချစ်ကြိုက်သူများ သင်ခန်းစာယူရန်ဟုဆိုသည်။ 

ရှာမာနှင့် ဒတ္တတို့သည် အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူများဖြစ်ပြီး အမျိုးသမီးတို့သည် ဆိုးရွားစွာ ဆက်ဆံခြင်း ခံနေရကြောင်း၊ ညဘက်အပြင်မထွက်ရ၊ အရက်မသောက်ရ စသဖြင့် ကန့်သတ်ချက်များ ခံနေရကြောင်း ရှာမာကဆိုသည်။ သူတို့နိုင်ငံ အချို့သောနေရာများတွင် ရဲမဟုတ်သည့် ဘာသာရေးရဲတွေက ပိုကြောက်စရာကောင်းသည်။ အမျိုးသားနှင့် အမျိုးသမီးလက်မတွဲရ၊ မနမ်းရ၊ ပန်းခြံထဲမထိုင်ရ စသည်ဖြင့် လိုက်လံ ကန့်သတ်မှုများကိုပင် ခံနေကြရကြောင်း ရှာမာကပြောပြသည်။

ဒေလီရှိ အမျိုးသမီးတစ်ယောက်ကလည်း သူ၏အကြောင်းကို အွန်လိုင်းပေါ်တွင် ဖွင့်ချလိုက်သေးသည်။ တစ်နေ့တွင် သူသည်ဘတ်စ်ကားစီးသည်။ သူ့အနီးကို အမျိုးသားတစ်ဦးက ပူးကပ်ပြီး လာရပ်သည်။ မဖွယ်မရာလုပ်သည်။ သူက မလုပ်ရန်ပြောသည့်အခါ ရန်ရှာသည်။ လူတွေက ကြည့်နေကြသည်။ သူ့ကို ဤသို့ အလုပ်မခံချင်လျှင် လာမစီးနှင့် မောင်းချသည်။ နောက်ဆုံး သူ့အမှားသာဖြစ်သွားရကြောင်း ရေးသားထားသည်။ ထိုသဘောတရားလေးက အိန္ဒိယအမျိုးသမီးတို့ဘဝကို ထင်ဟပ်စေသည်။ အားလုံးသည် မြင့်မြတ်သော ယောကျာ်းများ၏ ပြုသမျှကို ခေါင်းငုံ့ခံနေရမည်ဆိုသည့် သဘောဖြစ်သည်။ 

ဂူဝါဟာတီရွာတွင် လူသိရှင်ကြားဖြစ်သွားသည့် စော်ကားမှုကြီးကို ရဲတပ်ဖွဲ့လက်ထဲရောက်လာသည့်အခါတွင် မှုန်ဝါးဝါးဖြစ်ကုန်သည်။ ရဲတပ်ဖွဲ့က ၁၂ ယောက်သာ အဖမ်းပြနိုင်သည်။ အမျိုးသမီးများကို လူမြင်ကွင်းတွင် မဖွယ်မရာလုပ်မှုဖြင့် အရေးယူသည်။ News Live မှ ဂျာနယ်လစ်ကိုလည်း တရားစွဲသည်။ ဂျာနယ်လစ်ကိုယ်တိုင်က ဤအဖြစ်အပျက်ကို တမင်တကာစီစဉ်ရိုက်ကူးသည်ဆိုသော စွပ်စွဲချက်ကို ငြင်းဆိုသည်။ ရဲတပ်ဖွဲ့က သူကိုယ်တိုင်စီစဉ်ညွှန်ကြားနေသည့် အသံတွေကို ထုတ်ပြသည်။ 

အိန္ဒိယနိုင်ငံ အမျိုးသမီးတို့ဘဝမှာ ငြိမ်ခံရုံမှတစ်ပါး အခြားမရှိဆိုသည့် အနေအထားကို ရောက်နေသည်။ ကယ်ရာမဲ့ဘဝ စုပေါင်းဆန့်ကျင်လှုပ်ရှားနေသော်လည်း လက်တွေ့ဘဝတွင် အနှိမ်ခံများအဖြစ် အိမ်တွင်းပုန်းနေရမှုများ ရှိနေဆဲပင်။

(Ref: The Guardian)



FOLLOW US