News

POST TAGGED AS

ပုပ္ပါး

ဘုရင့်နောင်ခေါင်းလောင်းစာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် ဝင် မဝင် ယခုလကုန် သိရမည်
မန္တလေး၊ အောက်တိုဘာ ၁၇

ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင် မင်းတရားကြီး လှူဒါန်းထားပြီး ဘာသာစကားသုံးမျိုးဖြင့် ရေးထိုးထားသည့် ခေါင်းလောင်းစာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင် မဝင်ကို ယခုလကုန်ပိုင်းတွင် သိရမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အကြံပေး ကော်မတီ အစည်းအဝေးကို ပြင်သစ်နိုင်ငံ ပါရီမြို့၌ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ ယင်းအစည်းအဝေး ပြီးဆုံးချိန်တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဘုရင့်နောင်ခေါင်းလောင်းစာသည် အာရှပစိဖိတ်မှတ်တမ်း အမွေအနှစ် ဝင်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ဘုရင့်နောင်ခေါင်းလောင်းစာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ၂၀၁၆ ခုနှစ် မေလခန့်ကတည်းက ယူနက်စကိုရှိ မှတ်တမ်းအမွေအနှစ် ကော်မတီသို့ တင်ပြထားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရန် တင်ပြထားသည့် ဘုရင့်နောင် ခေါင်းလောင်းသည် ဘုရင့်နောင်၏ ဆောင်ရွက်ချက်များကို ပါဠိ၊ မွန်၊ မြန်မာ သုံးဘာသာဖြင့် ရေးထိုးထားပြီး ခိုင်လုံသော ခေတ်ပြိုင်မှတ်တမ်းဖြစ်ခြင်း၊ နေ့ရက်များကို ပြက္ခဒိန်နှင့်တိုက်ဆိုင် စစ်ဆေးရာတွင်လည်း တိကျမှန်ကန်ခြင်း၊ မဟာရာဇဝင်၊ မှန်နန်းရာဇဝင်တော်ကြီးများမှ  အမှားအယွင်းများကို ပြင်ဆင်နိုင်ရန် အထောက်အကူပြုခြင်းနှင့် ပြည့်စုံတိကျအောင် ဖြည့်စွက်နိုင်ခြင်း စသော ဝိသေသ လက္ခဏာများနှင့်ပြည့်စုံသော မော်ကွန်းစာဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းခေါင်းလောင်းကို ဘုရင့်နောင် မင်းတရားကြီးက သက္ကရာဇ် ၉၁၉ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် တနင်္ဂနွေနေ့တွင် ကြေးခွက် ၂၁၀ဝ ဖြင့် သွန်းလုပ်ခဲ့ကြောင်း၊ လက်ရှိအချိန်၌ ဘုရင့်နောင် ခေါင်းလောင်းသည် ပုဂံ-ညောင်ဦးမြို့ရှိ ရွှေစည်းခုံဘုရား ရင်ပြင်တွင်တည်ရှိကြောင်းလည်း ယင်းဌာနထံမှ ထပ်မံ သိရသည်။

မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရား ကျောက်စာများသည် ၂၀၁၃ ခုနှစ်၊ ပုဂံမြို့ဟောင်းရှိ မြစေတီကျောက်စာခေါ် ရာဇကုမာရ် ကျောက်စာသည် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ခဲ့သည်။

M-05



FOLLOW US