News

POST TAGGED AS

ပုဒ်မ ၆၆ (ဃ)

18-Nov-2016

NLD ရွေးကောက်ပွဲ
ရွေးကောက်ပွဲအလွန် တစ်နှစ်တာ
နိုဝင်ဘာ ၈ ရက်မှာ အောင်ပွဲမခံသင့်ဘူးလား

နိုဝင်ဘာ ၈ ရက်လို့ ပြောလိုက်ရင် အမေရိကန် ရွေးကောက်ပွဲကို ချည်း လူတွေက ပြေးမြင်လိမ့် ရှိပါတယ်။ မြင်လည်း မြင်ချင်စရာပါပဲ။ သူက တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ရွေးကောက်ပွဲ၊ တစ်ကမ္ဘာလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ ကိုယ်က မြန်မာဆိုတော့ အဲဒီ ၈ ရက်နေ့မှာ ကျင်းပခဲ့ဖူးတဲ့ မြန်မာရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ကို ဘယ်မေ့ထားလို့ ဖြစ်ပါ့မလဲ။

၂၀၁၅ နိုဝင်ဘာ ၈ ရက်ဟာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီက အပြတ်အသတ် အနိုင်ရတဲ့ ရွေးကောက်ပွဲ နှစ်ပတ်လည် ဖြစ်သလို လွန်ခဲ့တဲ့ ၆ နှစ်၊ ၂၀၁၀ နိုဝင်ဘာ ၇ ရက်တုန်းကတော့ USDA (ကြံ့ခိုင်ရေး) ပါတီ အနိုင်ရခဲ့ဖူးတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဒါက လွန်ခဲ့တဲ့ ၆ နှစ်အတွင်း၊ တစ်နည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲတွေရဲ့ နှစ်ပတ်လည်နေ့နဲ့ နိုဝင်ဘာလ တိုက်ဆိုင်နေပုံအကြောင်း ဆက်စပ်စဉ်းစားမိတာပါ။

အဲဒီမတိုင်ခင်၊ ၂၀၀၈ ဖွဲ့စည်းပုံ မရှိခင်က ကျင်းပခဲ့ဖူးတဲ့ ၁၉၉၀ ရွေးကောက်ပွဲကတော့ နိုဝင်ဘာနဲ့ မဆိုင်ပါဘူး။ သူက မိုးတွင်းကာလ မေ ၂၇ မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အာဏာလွှဲမပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ အခုခေတ်သစ် ၂၀၁၅ အာဏာလွှဲပေးခဲ့သော ရွေးကောက်ပွဲတွေ အကြောင်း ယှဉ်စဉ်းစားတဲ့အခါ ၁၉၉၀ မေလ ၂၇ ရွေးကောက်ပွဲတုန်းက အောင်ပွဲခံ အခမ်းအနားတွေ အကြီးအကျယ် နှစ်စဉ်ကျင်းပခဲ့တဲ့ NLD နဲ့ ဒီမိုကရေစီ အင်အားစုတွေဟာ အခု ၂၀၁၅ မှာ အနိုင်ရပြီး အာဏာတကယ်ရချိန်မှာတော့ အောင်ပွဲခံ အခမ်းအနားတွေ၊ နှစ်ပတ်လည် အခမ်းအနားတွေ မကျင်းပတော့တာ ဘာကြောင့်လဲလို့ တွေးမိပါတယ်။

NLD က ကျင်းပရဲ့သားနဲ့ စာရေးသူ မသိလိုက်တာများလား ဆိုပြီး ရန်ကုန်က သတင်းသမားတွေကို မေးကြည့်ရပါသေးတယ်။ “ရွေးကောက်ပွဲ နိုင်ပေမယ့် သူတို့လက်ထဲ တကယ်အာဏာမရသေးလို့ ဖြစ်မှာပေါ့” ဆိုပြီး သတင်းသမားတစ်ဦးက ဖြေပါတယ်။ ဆိုလိုတာက တကယ့်အာဏာဟာ တပ်မတော်နဲ့ အရင်အစိုးရခေတ် လက်ကျန်လူဟောင်းတွေဆီမှာသာ ရှိနေဆဲ ဖြစ်ပြီး NLD ဟာ ရုပ်ပြသဘော၊ ဂုဏ်ထူးဆောင် အစိုးရသဘော ဖြစ်နေတယ်လို့ နားလည်မိပါတယ်။

ဒါကြောင့် NLD က အောင်ပွဲခံ အခမ်းအနား ကျင်းပဖို့ တွန့်ဆုတ်နေတာလား။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ အောင်ပွဲခံခြင်း မခံခြင်း ဆိုတာထက် ရွေးကောက်ပွဲ နှစ်ပတ်လည် သုံးသပ်ချက် အခမ်းအနားတွေ မပျက်မကွက် ကျင်းပခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာ့ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် အားပေးခဲ့တဲ့ နော်ဝေနိုင်ငံလည်း ပါတာပေါ့။ ဝေဖန်သုံးသပ်ချက် အခမ်းအနားက ၃ ခုတောင် လုပ်တယ်လို့ ဆိုနိုင်ပါတယ်။

ဝန်ကြီးနေရာတစ်ခုပဲ ပြောင်းပြီး အောက်မှာတော့ အရင်အတိုင်း

အော်စလိုမြို့ စာပေရိပ်မြုံမှာ ကျင်းတဲ့ ဆွေးနွေးပွဲအတွင်း ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) ကိုယ်စားလှယ် မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့ ပြောသွားတဲ့အထဲမှာ ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေးကိစ္စ အများကြီး ပါဝင်ပါတယ်။ ပညာရေး မူဝါဒတွေကို ပညာရေးဝန်ကြီး တစ်ဦးတည်းက ချုပ်ကိုင်ထားတာမျိုး မဟုတ်ဘဲ ပြည်နယ်အလိုက်၊ ဒေသအလိုက်၊ တက္ကသိုလ်တွေအလိုက် လွတ်လပ်ခွင့်ပေးဖို့ လိုတယ်၊ ဖက်ဒရယ် ပညာရေးစနစ်ကို အကောင်အထည်ဖော်ဖို့ လိုတယ်။ တိုင်းရင်းသား ဘာသာစကားတွေကို ပြည်နယ်တိုင်းမှာ တရားဝင် သင်ကြားခွင့်ပေးဖို့ လိုတယ်။ ကျောင်းသားသမဂ္ဂတွေကို တရားဝင် အသိအမှတ်ပြုပြီး ပညာရေး မူဝါဒ ချမှတ်ရေးမှာ သူတို့ကိုပါ ပါဝင်ခွင့်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

ဒါက ကျောင်းသားတွေနဲ့ တိုက်ရိုက်ဆိုင်တဲ့ ပညာရေးကိစ္စ။ ရွေးကောက်ပွဲ တစ်နှစ်ကြာပြီးတဲ့ အချိန် ဘာတွေပြောင်းလာတာ တွေ့ရသလဲဆိုတဲ့ အမေးကို ဖြေတဲ့အခါမှာတော့ NLD ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ပြီ ဆိုပေမယ့် တကယ်တော့ ဝန်ကြီးနေရာတစ်ခုပဲ NLD ကရပြီး အတွင်းဝန်ကနေ ဟိုးအောက်ခြေ စာရေးဝန်ထမ်းအထိ အရင်လူတွေ၊ အရင်မူ (အမူအကျင့်) တွေအတိုင်း ရှိနေဆဲ ဖြစ်တာကြောင့် ဘာမှထူးထူးခြားခြား ပြောင်းလဲလာတာ မတွေ့ရသေးဘူးလို့ သူတို့ နှစ်ဦးက ဖြေပါတယ်။

NLD အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်နိုင်ရေး၊ တိုင်းရင်းသားတွေ နဲ့ အပစ်အခတ်ရပ်စဲမှု လုပ်နိုင်ရေးအတွက် တပ်မတော်နဲ့ အသည်းအသန် ဆွေးနွေးနေရတယ်။ တပ်မတော်ဘက်က သဘောမကျတာကို မလုပ်မိစေဖို့ NLD ဘက်က သတိထားနေရတယ်လို့ ပြောပါတယ်။ ဒါကြောင့် မြန်မာ့အပြောင်းအလဲအပေါ် နိုင်ငံတကာအစိုးရတွေက လက်ခုပ်သြဘာပေး ချီးကျူးနေကြပေမယ့် မြန်မာနိုင်ငံတွင်းမှာတော့ ဘာမှသိသာစွာ ပြောင်းလာတာ မရှိသေးဘူး။ ဆင်းရဲမွဲတေမှု ပိုဆိုးလာတာ၊ ရာဇဝတ်မှု ပိုများလာတာတောင် ရှိလာနေတယ်လို့ သူတို့က ထောက်ပြခဲ့ပါတယ်။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကတော့ တပ်မတော်ဟာ (တပ်မတော်ခွဲတမ်းရ ပြည်ထဲရေးဌာနအောက်က ထွေ-အုပ် ဌာန အပါအဝင်) အောက်ခြေက သတင်းမှန်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရဆီ မတင်ပြဘဲ ထိမ်ချန်ထားတဲ့ သဘော တွေ့နေကြောင်း၊ တစ်နည်းအားဖြင့် အောက်ခြေကျေးလက်လူထုနဲ့ NLD ကြား တိုက်ရိုက်ထိတွေ့မှု မရအောင် စစ်တပ်က ကြားခံထားသလို ဖြစ်နေပြီး အစိုးရနဲ့ လူထုကြားမှာ တပ်မတော်က နိုင်ငံရေး ကစားနေတယ်လို့ သူတို့က ဝေဖန်ခဲ့ပါတယ်။

ဒါက ဗကသ ကိုယ်စားလှယ်တွေရဲ့ အမြင်ပါ။ ဒါပေမဲ့ NLD ပါတီဝင်နဲ့ တပ်မတော် အရာရှိဟောင်းတွေရဲ့ အမြင်ကလည်း ကျောင်းသားတွေနဲ့ သိပ်မကွာပါဘူး။ တပ်မတော်နဲ့ အဆင်ပြေအောင် ဆက်ဆံနိုင်မှ လက်ရှိ နိုင်ငံရေးက ရှေ့တိုးလို့ရမှာ ဖြစ်တယ်၊ တပ်မတော်ကိုချော့ပြီး ပေါင်းနေရတဲ့ အနေအထားမှာ ရောက်နေတယ်လို့ ဗကသ ကိုယ်စားလှယ်တွေ မတိုင်ခင် နော်ဝေကို ရောက်လာတဲ့ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဆရာထိန်လင်းဦးနဲ့ ကိုနေမျိုးဇင်တို့ကလည်း ပြောခဲ့ပါတယ်။

ကချင်နဲ့ ရှမ်းပြည်ဘက်မှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ ထိုးစစ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဘာမှမပြောနိုင်ဘူးလား။ ရခိုင်ကိစ္စမှာ ဘာမှဝင်မတားနိုင်ဘူးလား ဆိုပြီး ဆွေးနွေးပွဲ တက်လာသူတစ်ဦးက မေးတဲ့အပေါ် ကိုယ်ပြောလို့ တပ်-ချုပ်က လိုက်နာမနာ မသေချာတော့ ဝင်မပြောတာက ပိုကောင်းတယ်။ ပြောပြီးမှ မလိုက်နာဘူးဆိုရင် အခြေအနေက ပိုဆိုးသွားနိုင်တယ်။ ဒါဟာ NLD အစိုးရရဲ့ လက်တွေ့နိုင်ငံရေး ဘဝပါပဲလို့ သူတို့က ဆိုပါတယ်။

ဒီလိုပွင့်ပွင့်လင်းလင်း ဖြေနေရင်းကနေ သိပ်မမေးကြပါနဲ့ဗျာ။ တော်ကြာ ကိုထင်ကျော်နောက် လိုက်နေရဦးမယ် ဆိုပြီး သူတို့က ရယ်သံနှောပြီး ပြောပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ် ဆိုပေမယ့် ပုဒ်မ ၆၆ (ဃ) ခေတ်စားလာလို့ Slef Censor လုပ်နေရတယ်၊ စိတ်ထဲရှိတဲ့အတိုင်း သိပ်ပြောလို့ မဖြစ်သေးဘူးလို့ သူတို့က ဆိုပါတယ်။ (သူတို့နှစ်ဦးနဲ့ တွေ့ဆုံပွဲ လုပ်စဉ်က  ကိုထင်ကျော်တစ်ဦးပဲ အဖမ်းခံရသေးပြီး အဲဒီနောက်ပိုင်းကျမှ ကိုမျိုးရန်နောင်သိန်းနဲ့ အလဲဗင်းမီဒီယာမှ ဒေါက်တာသန်းထွဋ်အောင်၊ ကိုဝေဖြိုးတို့ ဒီပုဒ်မနဲ့ အဖမ်းခံရတာ ဖြစ်ပါတယ်)။

ငြိမ်းချမ်းရေးလား၊ စီးပွားရေးလား

ဗကသအဖွဲ့ရဲ့ စာပေရိပ်မြုံက ဆွေးနွေးပွဲအပြီးမှာတော့ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အကြောင်း ဆွေးနွေးပွဲတစ်ရပ်ကို အော်စလို တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ ပထမဆုံး ဆွေးနွေးသူ ကရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုအသိုင်းအဝိုင်းအဖွဲ့မှ စောသာဖိုးရဲ့ ခေါင်းစဉ်က Dam development for Who? ရေကာတာတွေ ဆောက်နေတာ ဘယ်သူ့အတွက်လဲ ဆိုတာ ဖြစ်ပါတယ်။ Clean Energy ထဲမှာပါတဲ့ ရေအားလျှပ်စစ်ကို နိုင်ငံတကာ အကူအညီနဲ့ ငြိမ်းချမ်းရေးဒေသ (အပစ်အခတ်ရပ်ဖို့ လုပ်နေတဲ့ဒေသ) မှာ ထုတ်လုပ်ရေး၊ အတိအကျ ပြောရမယ်ဆိုရင် ရှမ်းပြည်နယ်ထဲရှိ Namtu (မြန်မာအခေါ် ဒုဋ္ဌဝတီမြစ်) စီမံကိန်းမှာ နော်ဝေနိုင်ငံက ဝင်ရောက်ကူညီပေးမယ်ဆိုတဲ့အပေါ် ဝေဖန်ထောက်ပြခြင်း ဖြစ်ပါတယ်။

သူ့ထောက်ပြတဲ့အထိ စိတ်ဝင်စားဖို့ ကောင်းတာက ၂၁ ရာစု ပင်လုံညီလာခံပြီးမှ အခုရေကာတာ ဆောက်မယ့်ဒေသ သီပေါ၊ ကျောက်မဲမြို့ ဝန်းကျင်ရှိ SSPP (ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးသား) ရှမ်းပြည်တပ်မတော်အပေါ် တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေ တိုးလာနေတယ်။ အခုနောက်ပိုင်း ထိုးစစ်တွေဟာ နိုင်ငံတကာအကူအညီနဲ့ လုပ်မယ့် ဖွံ့ဖြိုးရေး ကိစ္စတွေနဲ့ ဆက်စပ်နေတယ်။ အပစ်အခတ်ရပ်ပြီးရင် ငြိမ်းချမ်းရေး ဆွေးနွေးရမယ့်အစား ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ပဲ အစိုးရဘက်က ပြောနေတယ်။ ဒီလိုထိုးစစ်တွေဟာ ရှမ်းပြည်တင်မကပဲ ကရင်ပြည်နဲ့ တခြားဒေသတွေမှာလည်း ဖြစ်ပွားနေတယ်။ စစ်ပြေးဒုက္ခသည်အပြင် ရေကာတာတွေ၊ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် ရွာပြောင်းပေးရတဲ့ ဒုက္ခသည်တွေ ထပ်ပေါ်လာနေပြီလို့ စောသာဖိုးက ဓာတ်ပုံ၊ မြေပုံအထောက်အထားတွေနဲ့ အသေးစိတ် တင်ပြပါတယ်။

ရေကာတာတွေကြောင့် သစ်တောပြုန်းတီးမှု၊ ရေကြောင်းပြောင်းလဲမှု၊ ရေသတ္တဝါတွေ သေဆုံးနိုင်မှု၊ ငလျင်လှုပ်ရင် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း သူက ပြောပါတယ်။ ထူးခြားတာကတော့ အဲဒီဒုဋ္ဌဝတီမြစ် တစ်ခုတည်းမှာတင် ရဲရွာ ၁-၂-၃ နဲ့ တခြားတစ်ခု ဆောက်ပြီးသား (တချို့က ဆောက်လုပ်ဆဲ) ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ ရေကာတာရဲ့ ၈၅ ရာခိုင်နှုန်းဟာ ဧရာဝတီနဲ့ သံလွင်မြစ်ကြောင်း တစ်လျှောက်မှာ ရှိနေတယ်။ အဲဒီထဲက အများစုဟာ အရင်စစ်အစိုးရခေတ်က ဆောက်ထားတာဖြစ်ပြီး မဆောက်ခင်မှာ စနစ်တကျ အချိန်ယူ သုတေသနလုပ်တာ အားနည်းခဲ့တယ်၊ ဒါတွေဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ဒါကြောင့် ရေကာတာတွေ မဆောက်ခင် လုံလောက်တဲ့ သုတေသနလုပ်ဖို့ လိုတယ်။ ငြိမ်းချမ်းရေးကို ခိုင်မာအောင်လုပ်ဖို့ လိုတယ်။ တိုင်းရင်းသားဒေသမှာ ဆောက်မယ့် ရေကာတာတွေ၊ စီမံကိန်းတွေအတွက် ဗဟိုအစိုးရ တစ်ခုတည်းက ဆုံးဖြတ်တာ မဟုတ်ဘဲ ပြည်နယ်အစိုးရနဲ့ ပြည်နယ်အတွင်းရှိ လူထုသဘောထားကိုပါ ရယူဖို့ လိုတယ်လို့ သူက ပြောပါတယ်။ နောက်ဆုံးမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို စိတ်အားထက်သန်စွာ ကူညီနေတဲ့ နော်ဝေအစိုးရက အခုရေအားလျှပ်စစ်မှာ ဝင်ကူညီတာဟာ ငြိမ်းချမ်းရေး အတွက်လား၊ စီးပွားရေးအတွက်လား ဆိုပြီး သူက မေးခွန်းထုတ်ခဲ့ပါတယ်။

ဒုတိယ ဆွေးနွေးသူ၊ အလယ်ရဲရွာ အပါအဝင် မြန်မာ့ရေအားလျှပ်စစ်အတွက် တာဝန်ယူ အကူအညီ ပေးနေတဲ့ နော်ဝေကုမ္ပဏီ SN Power အဖွဲ့မှ ဒေါက်တာ Stephen Sparkes ကတော့ စောသာဖိုးရဲ့ တင်ပြချက် အားလုံးကို လက်ခံပါကြောင်း၊ ဒါပေမဲ့ ဒီလိုအန္တရာယ်တွေကို ရှောင်ကွင်းပြီး လုပ်နိုင်မယ့် Alternative နည်းလမ်းရှာဖို့ လိုကြောင်း၊ စွမ်းအင်မရှိရင် ဖွံ့ဖြိုးမှု မရှိနိုင်ဘူး။ “There is no development without energy” လို့ ပြောပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ လျှပ်စစ်မီးမရှိဘဲ နေနေရဆဲ ဖြစ်တယ်။ ဒါကြောင့် စွမ်းအင်ဟာ မြန်မာနိုင်ငံအတွက် အရေးပေါ် လိုအပ်နေတယ်လို့ စာရင်းဇယားတွေနဲ့ ထောက်ပြခဲ့ပါတယ်။

ပြီးတော့ ရဲရွာ ၂ (အလယ်ရဲရွာ) စီမံကိန်းမှာ သူတို့ကုမ္ပဏီက ဘယ်လို စနစ်တကျ ဆောင်ရွက်နေတယ်။ ဗဟိုအစိုးရတင်မက ဒေသခံတွေနဲ့ပါ ဆွေးနွေးနေတယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်၊ ရွာတွေ မပြောင်းရအောင် ဘယ်လိုလုပ်နေတယ် စသဖြင့် အသေးစိတ် ရှင်းပြပါတယ်။ စာရေးသူရဲ့ ဘေးနားမှာထိုင်နေတဲ့ မြန်မာတစ်ဦးကတော့ တရုတ်ကုမ္ပဏီတွေနဲ့စာရင် နော်ဝေနဲ့ အနောက်နိုင်ငံတွေက ကုမ္ပဏီတွေက စည်းမျဉ်းစည်းကမ်း ပိုလေးစားမယ် ထင်ပါတယ်ဆိုပြီး ပြောပါတယ်။
နောက်ဆုံး ဆွေးနွေးသူကတော့ သီးခြားလွတ်လပ်တဲ့ သုတေသနအဖွဲ့ FATO က Svein Stave ဖြစ်ပါတယ်။ ပဋိပက္ခ ရှိနေတဲ့ ဒေသမှာ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါ သက်ဆိုင်ရာဒေသရဲ့ ပြဿနာတွေအတွင်း ကြားမညှပ်မိအောင်၊ တစ်နည်းအားဖြင့် သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ သယံဇာတ ခွဲဝေရေး ပြဿနာတွေကို ရှောင်နိုင်အောင် စီမံကိန်းမစခင် သက်ဆိုင်သူ အားလုံးနဲ့ အသေအချာ ဆွေးနွေးဖို့၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု တာဝန်ယူမှု အပြည့်အဝရှိဖို့၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ဖို့ စသဖြင့် ပါဝင်ပါတယ်။

စာဖတ်သူတွေကော ဘယ်လိုထင်ပါသလဲ။ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာ တစ်နှစ်ပြည့်သွားခဲ့ပါပြီ။ စာဖတ်သူ မျှော်လင့်ထားသလို အစိုးရသစ်က စွမ်းဆောင်ပေးနိုင်ပါရဲ့လား။ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကော ထင်ထားသလောက် ဝင်လာပါရဲ့လား။ နှစ်ပတ်လည်နေ့မှာ အစိုးရအပေါ် ဒီလိုမေးခွန်းထုတ် ပြန်လည်သုံးသပ်ကြတာဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်း တစ်ခုပဲ မဟုတ်ပါလား။        

ထက်အောင်ကျော်



FOLLOW US