News

POST TAGGED AS

ပုဒ်မ ၆၆ (ဃ)

ဗေဒင်ဆရာအောင်ချစ်ပိုကို စမ်းချောင်းရဲစခန်း ခေါ်ယူစစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ဟာသသရုပ်ဆောင် ဒိန်းဒေါင်၏သမီးဖြစ်သူ ဒိန်းပိုပိုဒေါင် (ခ) မမြတ်နိုးဦး၏ အမှုဖွင့်တိုင်ကြားမှုနှင့်ပတ်သက်၍ ဗေဒင်ဆရာ အောင်ချစ်ပိုကို ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ခေါ်ယူစစ်ဆေးသည့် ဗေဒင်ဆရာ အောင်ချစ်ပိုကို ဟာသသရုပ်ဆောင် ဒိန်းဒေါင်၏ သမီးဖြစ်သူ အသက် ၂၂ နှစ်အရွယ် မမြတ်နိုးဦး (ခ) ဒိန်းပိုပိုဒေါင်က ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲပိုင်းတွင် မိန်းမ၏ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်မှုကျူးလွန်ခြင်း (သို့မဟုတ်) ရာဇဝတ် မကင်းသော အနိုင်အထက်ပြုမှု ရာဇသတ်ကြီးပုဒ်မ ၃၅၄၊ ရာဇသတ်ဝတ်မကင်းသော ခြောက်လှန့်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၆ တို့ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ရာ စမ်းချောင်းမြို့မရဲစခန်းက ယင်းတိုင်ကြားမှုနှင့်ပတ်သက်၍ ယနေ့ မွန်းလွဲပိုင်းတွင် ခေါ်ယူ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူတိုင်ထားတဲ့ တိုင်ချက်တွေကို ပြန်ဖြေရှင်းဖို့ပဲ မေးတာပါ။ အသေးစိတ်ကတော့ ပြောလို့မရပါဘူး။ တိုင်တဲ့ တိုင်ချက်အပေါ်မှာ ပြန်ဖြေရှင်းထားခဲ့တယ်။ အရင်မိန်းကလေးတွေ အမှုဖွင့်တုန်းကလို ပြန်လည် အမှုဖွင့်မယ်၊ မဖွင့်ဘူးဆိုတာတော့ ရှေ့နေနဲ့ တိုင်ပင်နေတယ်၊ အတိအကျတော့ ပြောလို့မရသေးပါဘူး”ဟု ဗေဒင်ဆရာအောင် ချစ်ပိုက The Voice၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

အမှုဖွင့်တိုင်ကြားသူ မမြတ်နိုးဦး (ခ) ဒိန်းပိုပိုဒေါင်သည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတက်စဉ်အခါက စာမေးပွဲအခြေအနေ သိရှိရန်အတွက် သူငယ်ချင်း အမျိုးသမီးတစ်ဦးနှင့်အတူ စမ်းချောင်းမြို့နယ်၊ ကိုးထပ်ကြီးဘုရားတွင် ဗေဒင်ဟောခန်း ဖွင့်ထားသည့် ဗေဒင်ဆရာအောင်ချစ်ပိုထံ သွားရောက်မေးမြန်းစဉ် အဆောင်ပေးမည်ဟုဆိုကာ လူနှစ်ယောက်ဖက်နေသည့် အရုပ်တစ်ရုပ်ကို အမျိုးသားများ မကိုင်တွယ်သင့်သည့် နေရာတစ်ခုသို့ ကိုင်တွယ်ထည့်ပေးခြင်း၊ ဆီမန်းဟုဆိုကာ လိမ်းကျံပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းကို ငြင်းဆန်ပါက စာမေးပွဲကျမည်၊ ၎င်းပြုလုပ်မှုကို အခြားသူများအား ပြောပြပါက နည်းမျိုးစုံဖြင့် ထိခိုက်မှုရှိလာမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ပိုပိုဖြစ်တာကလွန်ခဲ့တဲ့ ၆ နှစ်လောက်က ဖြစ်တာ။ သူ လုပ်ပေးလို့ အောင်မြင်ခဲ့တဲ့သူတွေ အများကြီးရှိတယ်လို့ အယုံသွင်းတယ်။ ကလေးဆိုတော့ မတွေးတတ်ခဲ့ဘူး၊ သူခြိမ်းခြောက်တာကိုလဲ ကြောက်နေခဲ့တာ။ သူကအဲဒီတုန်းကတော့ သူရဲ့ ခြိမ်းခြောက်တာကိုကြောက်ပြီး ဘယ်သူမှ မပြောရဲခဲ့ဘူး၊ အခုအမှုဖွင့်ရတယ်ဆိုတာက ပိုပိုတို့လို မိန်းကလေးတွေ ဘယ်လောက်များနေမလဲ မသိဘူး။ အခုအတူလာတဲ့ မိန်းကလေးတွေဆိုရင် အားလုံး ကိုယ်တိုင်ကြုံတွေ့ခဲ့တာချည်းပဲ။ ကိုယ်တိုင်လည်း ခံတဲ့ရတာဖြစ်တဲ့အတွက် အမှုဖွင့်ရတာ ဖြစ်ပါတယ်”ဟု ဒိန်းပိုပိုဒေါင်က လာရောက် အမှုဖွင့်တိုင်ကြားစဉ်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဗေဒင်ဆရာအောင်ချစ်ပိုက Phyo Wai Win အကာင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စမ်းချောင်း မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ၎င်းကို အသက် ၂၁ နှစ်အရွယ် (စီးပွား/စီမံ) စတုတ္ထနှစ် တက္ကသိုလ်ကျောင်းသူတစ်ဦးက ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၃၅၄ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ရာ ဗေဒင်ဆရာ အောင်ချစ်ပိုကလည်း ယင်းတက္ကသိုလ်ကျောင်းသူကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ပြန်လှန် အမှုဖွင့်ခဲ့ပြီးနောက် ရုပ်ရှင်သရုပ်ဆောင်ဒိန်းဒေါင်၏သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဗေဒင်ဆရာ အောင်ချစ်ပိုကို ထပ်မံအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

J-16



FOLLOW US