News

POST TAGGED AS

ပုဒ်မ ၆၆ (ဃ)

လက်ဘနွန်နိုင်ငံသားတစ်ဦးကို သိန်းပေါင်း နှစ်ထောင့်ခြောက်ရာကျော် အလွဲသုံးစားမှုဖြင့် အမှုဖွင့်
ရန်ကုန်၊ နိုဝင်ဘာ ၁၂

မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီတွင် ဘဏ္ဍာရေး ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသော လက်ဘနွန်နိုင်ငံသားတစ်ဦးကို ငွေကျပ်သိန်းပေါင်း နှစ်ထောင့်ခြောက်ရာကျော် အလွဲသုံးစားပြုမှုဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

လှိုင်သာယာမြို့နယ်၊ အမှတ်(၂၆) ရပ်ကွက်၊ စက်မှုဇုန်(၁)၊ မြတောင်ဝန်ကြီး ဦးမှိုလမ်းရှိ လင်ဖရာမိုဘိုင်းလ် ဆက်သွယ်ရေးစနစ် တပ်ဆင်ပေးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း ကုမ္ပဏီလိမိတက်မှ လက်ဘနွန်နိုင်ငံသား Mr. Joseph Moussa သည် ယင်းကုမ္ပဏီတွင် ဘဏ္ဍာရေးဒါရိုက်တာအဖြစ် ၂၀၁၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် စတင် ဝင်ရောက်လုပ်ခဲ့ပြီး အူရီဒူးမိုဘိုင်းလ်ကုမ္ပဏီမှ ၂၀၁၆ ခုနှစ်၊ ၅ လပိုင်းအတွက် ဝန်ဆောင်မှုပေးသွင်းငွေ သိန်း ၁၀ဝ၀ ကျော်၊ ၂၀၁၆ ခုနှစ်၊ ၇ လပိုင်းအတွက် ဝန်ဆောင်ခ ပေးသွင်းငွေ သိန်းပေါင်း ၁၅၀ဝ ကျော်တို့ကို ကုမ္ပဏီသို့ပေးသွင်းခြင်းမရှိဘဲ အလွဲသုံးစားမှု ပြုသည်ဟုဆိုကာ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ကုမ္ပဏီစာရင်းစစ်အဖွဲ့က စစ်ဆေးလို့ သိခဲ့ရတာ၊ အူရီဒူး ကုမ္ပဏီကတော့ သူ့ကို ပေးသွင်းထားတယ်၊ သူက ကုမ္ပဏီကို မသွင်းဘဲနဲ့ ကိုယ်ကျိုးအတွက် အသုံးပြုထားလို့ အမှုဖွင့်ခဲ့တာပါ၊ သူကိုယ်တိုင်လည်း သုံးစွဲမိပါတယ်လို့ ကုမ္ပဏီကို ဝန်ခံထားတယ်”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ယင်းပေးသွင်းရမည့်ငွေများကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က ကုမ္ပဏီစာရင်းစစ်အဖွဲ့မှသိရှိပြီး ဝန်ခံထားသော်လည်း ယနေ့ချိန်ထိ ပြန်လည် ပေးသွင်းခြင်း မရှိဟုဆိုကာ လင်ဖရာ ကုမ္ပဏီမှ အကြီးတန်း စာရင်းကိုင်ချုပ်ဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဒေါ်တင်ဝင့်ဝင့်လွင်က လှိုင်သာယာ မြို့မရဲစခန်းတွင် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အမှုဖွင့် တိုင်ကြားသဖြင့် လက်ဘနွန်နိုင်ငံသား Mr. Joseph Moussa ကို ယင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၀၈ (စာရေးကဖြစ်စေ၊ အစေခံကဖြစ်စေ ရာဇဝတ်မှု မကင်းသော ယုံကြည်အပ်နှံ ဖောက်ဖျက်မှုကို ကျူးလွန်ခြင်း) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။

အလားတူ လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နဝဒေးပတ်လမ်းတွင် ဖွင့်လှစ်ထားသော Wave Money ရုံးမှ ဝန်ထမ်းအမျိုးသား တစ်ဦးသည် ယင်းမြို့နယ်အတွင်းရှိ ဆိုင်ခွဲများမှ လိုက်လံ ကောက်ယူသည့် ငွေကျပ် ၁၅ သိန်းကျော်ကို ရုံးသို့ပြန်လည်ပေးသွင်းခြင်းမရှိဘဲ အလွဲသုံးစားပြုထားကြောင်း စာရင်းစစ်အဖွဲ့မှ သိရှိပြီး ကုမ္ပဏီမန်ဂျာ ဦးကျော်မိုးဟိန်းက နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အမှုဖွင့် တိုင်ကြားသဖြင့် လှိုင်သာယာမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။ 

J-16



FOLLOW US