POST TAGGED AS

ပုညခင်

စာရေးဆရာမ ပုညခင်နှင့် တွေ့ဆုံခြင်း
Voice - တစ်လောလေးကပဲ ဆရာမကို နိုင်ငံရေးပါတီ တစ်ခုက သူတို့ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ လာကမ်းလှမ်းတယ်လို့ ကြားရတယ်။ အဲဒါ ဆရာမ ဘယ်လိုတုံ့ပြန်လိုက်သလဲဗျ။ ငြင်းလိုက်တယ်ဆိုရင် ဘာ့ကြောင့်ငြင်းတယ်၊ လက်ခံတယ်ဆိုရင် ဘာ့ကြောင့် လက်ခံတယ်ဆိုတာ သိပါရစေ။

PNK - ကျွန်မတို့ ခရီးမထွက်ခင်ကတည်းက ကျွန်မနဲ့ ခင်မင်ရင်းနှီးတဲ့ စာရေးဆရာတစ်ဦးကနေ တစ်ဆင့် ကမ်းလှမ်းပြောဆိုခဲ့တာပါ။ ကျွန်မ ခရီးက ပြန်လာတဲ့အချိန်မှာ ကျွန်မအနေနဲ့ ၂၀၁၅ မှာ နိုင်ငံရေးလောကကို ဝင်ရောက်ဖို့ အစီအစဉ် မရှိပါကြောင်း အကြောင်းပြန်လိုက်ပါတယ်။ ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားတဲ့ စာရေးသူဘဝကို ကျွန်မ မက်မောတန်ဖိုးထားပါတယ်။ အများပြည်သူရဲ့ အားပေးမှုနဲ့ တင့်တောင့်တင့်တယ် ဖြစ်လာရတဲ့ စာရေးဆရာဖြစ်တဲ့ အတွက် အများအကျိုးကိုလည်း ဆောင်ရွက်ခွင့် ရချင်ပါတယ်။ ဒါပေမဲ့ အများအကျိုးအတွက် ဆောင်ရွက်မယ်ဆိုရင် လွှတ်တော်အမတ်မှာလည်း လုပ်နိုင်စွမ်း ရှိသလို ပရိသတ်ရှိတဲ့ စာရေးဆရာမှာလည်း သူ့အတိုင်းအတာလေးနဲ့ သူဆောင်ရွက်နိုင်တာလေးတွေ ရှိပါတယ်။ ဘယ်သူက ပိုလုပ်နိုင်စွမ်း ရှိတယ်လို့တော့ အတိအကျ သွားယှဉ်လို့ မရဘူးပေါ့။ ဘာ့ကြောင့်လဲဆိုတော့ လုပ်နိုင်ခွင့်အမျိုးအစား မတူလို့ပါ။

Voice - ဆရာမလိုပဲ တခြားနာမည်ကျော် ဘက်ဆဲလား စာရေးဆရာတွေကိုလည်း အဲလိုပဲ ပါတီဝင်ပြီး အမတ်လုပ်ဖို့ လိုက်ပြီးကမ်းလှမ်းတယ်လို့ သိရတယ်။ ဆရာမအနေနဲ့ဆို အဲလို စာရေးဆရာတွေကို ကမ်းလှမ်းတဲ့အပေါ် ဘယ်လိုမြင်သလဲ။ လူထုထောက်ခံမှု ရအောင် ပေါ်ပြူလာဖြစ်တဲ့သူတွေကို နိုင်ငံရေးထဲ ဝင်ပါအောင် ဆွဲဆောင်တာ ပြည်သူလူထုအတွက် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်မယ်လို့ ယူဆလဲဗျ။

PNK - အဲဒါနဲ့ ပတ်သက်ပြီး ပြောရရင် ဥပမာဆိုပါတော့ ... ရုပ်ရှင်သရုပ်ဆောင် အာနိုးက သူ့နိုင်ငံမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး နေရာရဖို့ ဝင်ပြိုင်တဲ့အခါ သူနဲ့ သူ့ပြိုင်ဘက် ဘယ်သူကပိုပြီး သူ့ပြည်နယ်အတွက် လုပ်ပေးနိုင်စွမ်း ရှိတယ်၊ ဘယ်သူ ပိုအရည်အချင်းရှိသလဲ ဆိုတာကို သိရမှာက နောက်၊ လတ်တလော လူတွေ ပိုသိတာက သူ့ကို။ အဲဒီတော့ လူသိများ ကျော်ကြားသူ ... (နာမည်ကောင်းနဲ့ ကျော်ကြားသူတော့ ဖြစ်ရမှာပေါ့လေ) အဲဒီလိုလူက တစ်ပန်းတော့ သာပါတယ်။ ကျော်ကြားတိုင်း အရည်အချင်း ရှိပါ့မလား၊ ဖြောင့်မတ်မှန်ကန်ပါ့မလား ဆိုတာကိုတော့ သူ့ကို ကိုယ်စားလှယ်လောင်း အဖြစ် အရွေးခံခွင့်ပေးမယ့် ပါတီက စဉ်းစားရမှာ ဖြစ်သလို မဲဆန္ဒရှင်တွေကလည်း စဉ်းစားတွေးခေါ် မြော်မြင်ရွေးချယ်ရမှာပါ။

Voice - ဆရာမ နောက်ဆုံးထွက်ထားတဲ့ “အထက်တန်းစား ရေ” ဝတ္တုမှာ မျက်မှောက်နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး နည်းနည်းလေး ကောက်ကြောင်းခြစ်ထားတာ တွေ့ရတယ်။ ဝတ္တုထဲက စီးပွားရေး လုပ်ငန်းရှင်လည်းဖြစ်၊ လွှတ်တော်အမတ်လည်း ဖြစ်တဲ့ ဦးထွဋ်ခေါင်လွန်း ဇာတ်ကောင်စရိုက်က လက်ရှိ မြန်မာ့နိုင်ငံရေးလောကနဲ့ စီးပွားရေးလောကကို ဆရာမက စုတ်ချက်ခပ်သွက်သွက်နဲ့ အကြမ်းခြစ်လိုက်တယ် ဆိုပေမယ့် ကွက်ကွက်ကွင်းကွင်း ဖြစ်နေတယ်လို့ ခံစားရတယ်။ အဲဒီအချက်က မျက်မှောက်မြန်မာ့နိုင်ငံရေးကို ဆရာမ စိတ်ဝင်စားတယ် ဆိုတာ ပြနေတယ်။ အဲဒီကာရိုက်တာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကအစ နိုင်ငံရေးစာပေတွေနဲ့ မျက်မှောက်နိုင်ငံရေးကို လေ့လာရင်း ကိုယ်တိုင်နိုင်ငံရေး ဝင်လုပ်ကြည့်ချင်စိတ်ကော မဖြစ်မိဘူးလားဗျ။

PNK - နိုင်ငံရေး ... ပိုပြီးရှင်းအောင်ပြောရရင် နိုင်ငံ့အရေးကို ကျွန်မ စိတ်ဝင်စားပါတယ်။ “အထက်တန်းစား ရေ” ဝတ္ထုကို ရေးခဲ့တာဟာလည်း ကျွန်မလုပ်နိုင်တဲ့ နိုင်ငံ့အရေးတစ်ခုကို လုပ်ခဲ့တာပါပဲ။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်သူ အတွက် ခံစားလာရလို့ ကျွန်မ ဒီဝတ္ထုကို ရေးခဲ့တာပါ။ “ခံစားချက်” ကို စိတ်ရင်းလို့ အဓိပ္ပာယ်ဖွင့်မယ် ဆိုရင်တော့ ကျွန်မ စိတ်ရင်းစေတနာ မှန်ကန်စွာနဲ့ ဒီဝတ္ထုကို ရေးပါတယ်။ ဒီဝတ္ထုရေးဖို့အတွက် ဥပဒေစာအုပ်တွေ ဖတ်ခဲ့ပါတယ်။ နိုင်ငံရေးစာပေတွေကို လေ့လာခဲ့ပါတယ်။ ကျွန်မ အသက် ၁၈ နှစ်ကစပြီး အချစ်ဝတ္ထုတွေ အများကြီး ရေးခဲ့ပြီးပါပြီ။ ဒီအရွယ်အနေအထားလေး ရောက်လာချိန်မှာတော့ အချစ်ဝတ္ထုသက်သက် မဟုတ်ဘဲ ပြည်သူနဲ့ နိုင်ငံအတွက် အကျိုးရှိတာမျိုးလေးတွေ ကြိုးစားရေးဖွဲ့ချင်မိတယ်။ အရင်တုန်းက ရေးခဲ့တဲ့ အချစ်ဝတ္ထုတွေကိုလည်း အချစ်ဝတ္ထု ဆိုပေမယ့် ဖတ်ရတဲ့ပရိသတ်မှာ အကျိုးရှိရာ ရှိကြောင်းလေးတွေ ပါအောင်တော့ အမြဲကြိုးစား ရေးခဲ့ပါတယ်။ ခုနမေးတဲ့ မေးခွန်းက နိုင်ငံရေး ဝင်လုပ်ကြည့်ချင်စိတ်တော့ မဖြစ်မိဘူးလားလို့ မေးတာနော်။ အဲဒါလေး သေချာဖြေချင်တယ်။ နိုင်ငံရေးဆိုတာ “ဝင်လုပ်ကြည့်မယ်” ဆိုတာမျိုး လုပ်လို့တော့ မရဘူးလို့ ကျွန်မထင်တယ်။ “ဝင်လုပ်ကြည့်မယ် ...။ အဆင်မပြေတော့လည်း မလုပ်တော့ဘူးပေါ့” ဆိုတဲ့ စိတ်မျိုးနဲ့ ဆိုရင်တော့ အစကတည်းက မလုပ်တာ ကောင်းပါတယ်။ ဝင်လုပ်ကြည့်လိုက်မယ်လို့တော့ မတွေးဖူးပါဘူး။ လုပ်မယ်၊ မလုပ်ဘူး၊ ဒီနှစ်ခုပဲ ဆုံးဖြတ်ရမှာပါ။

Voice - တကယ်လို့သာ ဆရာမအနေနဲ့ နိုင်ငံရေးမှာ စိတ်ဝင်စားပြီး နိုင်ငံရေးလောကထဲကို ဝင်မယ်ဆိုပါတော့။ အဲဒါဆိုရင် ဘယ်ကဏ္ဍကို စိတ်အဝင်စားဆုံးနဲ့ ဆရာမမှာသာ လုပ်ပိုင်ခွင့်ရှိရင် အဲဒီကဏ္ဍကို ဘယ်လိုလုပ်မယ်လို့ ကိုယ့်ဘာသာ အစီအစဉ်ချထားတာမျိုး၊ တွေးမိတာမျိုး ရှိသလား။

PNK - ဟုတ်ကဲ့။ စိတ်ကူးတွေတော့ အများကြီး ရှိခဲ့ပါတယ်။ ကျွန်မက တိုင်းရင်းသားတွေကို ချစ်တယ်၊ တိုင်းရင်းသားတွေကို စိတ်ဝင်စားတယ်။ ကျွန်မ တောင်တန်းဒေသတွေကို ခရီးထွက်တဲ့အခါပဲဖြစ်ဖြစ်၊ တစ်နေရာရာမှာ တိုင်းရင်းသားတွေနဲ့ ဆုံဖြစ်ရင် သူတို့နဲ့ ကျွန်မ စကားပြောတယ်၊ မေးတယ်၊ သူတို့ပြောတာ နားထောင်တယ်။ မကြာခင်က ဆုံရတဲ့ တိုင်းရင်းသူတစ်ယောက်ကို မေးတော့ သူကပြောတယ်။ အဓိကက တိုင်းရင်းသားတွေကလည်း သူတို့ကိုယ်သူတို့ မြန်မာဆိုတာ မေ့နေသလို မြန်မာတွေကလည်း သူတို့လည်း တိုင်းရင်းသားဆိုတာ မေ့နေတယ်တဲ့။ ဒါ့ကြောင့် တိုင်းရင်းသားလည်း မြန်မာ၊ မြန်မာလည်း တိုင်းရင်းသားဆိုတဲ့ စိတ်ခံစားချက်မျိုး ဖြစ်လာစေချင်တယ်။ နောက်တစ်ခုက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ကျွန်မ အရမ်းစိတ်ဝင်စားတယ်။ ကျွန်မ ကိုယ်တိုင်လည်း အခက်အခဲတွေကြားကနေ ရှင်သန်ရပ်တည်လာခဲ့ရတဲ့ မိန်းမတစ်ယောက်ဖြစ်တဲ့ အတွက် မိန်းမသားတွေရဲ့ ဘဝတွေကို အမြဲပဲ စိတ်ဝင်စားခဲ့တယ်။ မိန်းမတွေကို အမှီခိုကင်းကင်း ရပ်တည်နိုင်တဲ့သူတွေ ဖြစ်အောင်၊ လူကုန်ကူးမှုတွေ၊ အနိုင်ကျင့်ခံရမှုတွေ လျော့နည်းအောင် လုပ်ချင်တယ်။

Voice - အနုပညာနဲ့ နိုင်ငံရေးက ချိတ်ဆက်နေသလား၊ ရောယှက်သင့်သလား ဒါမှမဟုတ် မချိတ်ဆက်ဘူးလား၊ မရောယှက်သင့်ဘူးလား၊ ဒီလိုမှ မဟုတ်လည်း ချိတ်ဆက်မှုတော့ ရှိတယ် ဒါပေမဲ့ မရောယှက်သင့်ဘူးလို့ ထင်သလား။ အဲဒီအပေါ်မှာ ဆရာမရဲ့ ကိုယ်ပိုင်ယူဆချက် အမြင်ကို သိချင်ပါတယ်။

PNK - အနုပညာနဲ့ နိုင်ငံရေးဆိုတာ သိပ်ကိုဆက်စပ်ပါတယ်။ ရုပ်ရှင်ဆိုတာကလည်း နိုင်ငံရေးတစ်ခုပါ။ ကျွန်မ ထင်တယ်လေ။ ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ရတဲ့ အကြောင်းရင်းတွေထဲက အကြောင်းရင်းတစ်ချက်မှာ ဟောလိဝုဒ်လည်း ပါမလားလို့ပါ။ ကွန်မြူနစ်စနစ်ကို လူတွေ လှိုက်လှိုက်လှဲလှဲ ခံစားမုန်းတီးအောင် ဟောလိဝုဒ်က ရိုက်ပြနိုင်ခဲ့တယ်။ ကိုရီးယားလည်း ဒီလိုပဲ လုပ်ထားတယ်။ ခုဆို တရုတ်၊ ဂျပန်အထိ KPop က ပျံ့နှံ့အောင်မြင်တယ်။ ကျွန်မတို့နိုင်ငံ အထိပါပေါ့။ အဲဒီလို အနုပညာနဲ့ လွှမ်းမိုးထားလိုက်ပြီးရင် နိုင်ငံရေးနဲ့ စီးပွားရေးပါ ထပ်တိုးလိုက်လာလို့ ကောင်းသွားတာပဲ။ တရုတ်ကလည်း ဒါကို ကောင်းကောင်းသိတယ်။ ဒါ့ကြောင့် သူတို့ ရုပ်ရှင်လောကကို အစိုးရက အများကြီး ပံ့ပိုးကူညီထားတယ်။ သူတို့နိုင်ငံ၊ သူတို့လူမျိုးကို လေးစားအထင်ကြီးအောင် သူတို့ ယဉ်ကျေးမှု ပျံ့နှံ့အောင် ရုပ်ရှင်က အများကြီး လုပ်ပေးနိုင်တာကို သူတို့အစိုးရက သဘောပေါက်တယ်။ ကျွန်မတို့နိုင်ငံ ရုပ်ရှင်ကိုလည်း ဒီလိုဖြစ်စေချင်ပေမယ့် အခုချိန်မှာ ဒီလိုလုပ်လိုက်ရင် ရောင်းစရာပစ္စည်း မရှိဘဲ ပရိုမိုးရှင်း လုပ်သလိုပဲ ဖြစ်မယ်။ နည်းနည်းတော့ စောနေဦးမယ်။

ကျွန်မအဖြေက မေးခွန်းကို သွေဖည်သွားပြီ ထင်တယ်။ ကျွန်မက ရုပ်ရှင်တစ်ခုပဲ ပြောနေမိတယ်။ တစ်ဖက်ကိုပြောရရင် ခေတ်အဆက်ဆက် ကျွန်မတို့ ဖတ်ဖူးခဲ့တဲ့ ဂန္ထဝင်ဝတ္ထုတွေ တော်တော်များများမှာ နိုင်ငံရေးတွေ အများကြီး ပါနေခဲ့တယ်။ စာပေ၊ ဂီတ၊ ရုပ်ရှင် စတဲ့ အနုပညာ မှန်သမျှဟာ ခေတ်ကို ထင်ဟပ်ရတာမို့ နိုင်ငံရေးနဲ့တော့ ချိတ်ဆက်နေမှာပါပဲ။ အနုပညာသမား တစ်ယောက်ဟာ နိုင်ငံရေးနဲ့ ချိတ်ဆက်မှုရှိတဲ့ အနုပညာကို ဖန်တီးမလား၊ ကိုယ်တိုင်ပဲ နိုင်ငံရေး လုပ်မလား ဆိုတာတော့ တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုမို့ ကျွန်မအနေနဲ့ မဝေဖန်လိုပါဘူး။

Voice - နောက်ဆုံးမေးခွန်းပါ။ ဆရာမအနေနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ဆက်စပ်ပြီး မေးချင်တာပါ။ ဆရာမက အားလပ်တဲ့ အချိန်တွေမှာ စာရေးဖို့ ကုန်ကြမ်းရဖို့ တစ်နိုင်ငံလုံးကိုလည်း ခရီးသွားထားတဲ့ အတွေ့အကြုံလည်း ရှိတယ်၊ လောလောလတ်လတ် တရုတ်ပြည်ကို လေ့လာရေးခရီး သွားထားတာလည်း ရှိတယ်။ အဲဒီ ပြည်တွင်း၊ ပြည်ပ ခရီးတွေအပေါ် အခြေခံပြီး လက်ရှိ မြန်မာနိုင်ငံက ပြည်သူတွေနဲ့ အစိုးရကို ဘယ်လိုမြင်မိသလဲ၊ တခြားနိုင်ငံ (တရုတ်ပြည်) နဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဘယ်လိုခံစားရသလဲဗျ။

PNK - ခံစားရတာကတော့ လေဆိပ်ကနေ တည်းခိုတဲ့ နေရာကို သွားတဲ့လမ်းတစ်လျှောက် စိမ်းစိုအုပ်ဆိုင်းနေတဲ့ သစ်ပင်သစ်တောတွေကို တွေ့တဲ့အချိန်ကစပြီး ခံစားရပါတယ်။ သူတို့နိုင်ငံမှာ သစ်ပင်သစ်တောတွေကို ကောင်းကောင်းထိန်းသိမ်းထားတယ်။ သစ်ခိုးခုတ်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူတယ်။ ကျွန်မ ဘေဂျင်း ရောက်နေတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံမှာ သစ်ခိုးခုတ်တဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက် ကိစ္စကို တရုတ်သတင်းစာမှာ ရေးတာတွေ ကျွန်မသိတယ်။ နောက်တော့ ၁၅၅ ယောက်လုံး လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ လွတ်လာတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မတို့နိုင်ငံက လူတွေ မခံချိမခံသာ ဖြစ်တာတွေ ကျွန်မ သိတယ်။ ကျွန်မကိုယ်တိုင်လည်း မခံချိမခံသာ ဖြစ်ရတာပဲလေ။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ စဉ်းစားကြည့်ရင် ကျွန်မတို့မှာ ရေမြေချင်း ထိစပ်နေတဲ့ အင်အားကြီး တရုတ်နဲ့လည်း အဆင်ပြေဖို့ လိုသလို ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန်နဲ့လည်း အဆင်ပြေအောင် နေရတယ်။ ကျွန်မတို့ နိုင်ငံလေးက မျက်စိကျစရာကောင်း တွေ့တော့ နိုင်ငံကြီးတွေကလည်း စိတ်ဝင်စားကြတယ်။ ကျေးဇူးပြုခံရတာတွေ ပြန်လည်ပေးဆပ်ရတာတွေနဲ့ ချိန်ညှိပြီး နေရတယ်။ ဒါ ကျွန်မ ဉာဏ်မီသလောက်လေး တွေးမိတာလေးကိုပဲ ပြောတာပါ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံရေးဆိုတာ အများကြီး ကျယ်ပြန့်ပါတယ်။ ကျွန်မတို့ မသိနိုင်တဲ့ အကြောင်းကိစ္စတွေလည်း ရှိနိုင်တာမို့ မဝေဖန်လိုပါဘူး။

ပြီးတော့ သူတို့ဆီမှာ လယ်ယာမြေမရှိရင် စားနပ်ရိက္ခာ ပြဿနာ ပေါ်ပေါက်နိုင်တယ်ဆိုပြီး အစိုးရက လယ်ယာမြေတွေကို ကာကွယ်ပေးထားတယ်။ ချမ်းသာတဲ့သူတွေဟာ တခြားဘယ်မြေ ဖြစ်ဖြစ် ဝယ်နိုင်ရင် ဝယ်၊ လယ်ယာမြေတော့ လာထိလို့ မရဘူး။ သူတို့ဆီမှာ လယ်သမား သန်း ၇၀၀ ရှိတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက လယ်သမားတွေ ဆင်းရဲခဲ့ကြပေမယ့် ခုတော့ မဆင်းရဲကြတော့ဘူး။ အဲဒါနဲ့ ဆက်စပ်ပြီး ပြောရရင် ကျွန်မ ကိုယ့်နိုင်ငံထဲမှာ ခရီးသွားတဲ့အခါ ဟိုနေရာ ဒီနေရာ နေရာအနှံ့ ခြံစည်းရိုးတိုင်ထူပြီး လူလည်းမနေ၊ လယ်လည်းမစိုက် ဘာမှမသုံးမပြုဘဲ ဈေးကစားနေတဲ့ မြေကွက်တွေကို မြင်တိုင်း စိတ်ထဲမသက်မသာ ဖြစ်မိတတ်တယ်။ ကျွန်မတို့ ပြည်သူတွေဟာ အိမ်ထောင်စု တစ်ခုထဲက မိသားစုဝင်တွေဆိုရင် ကျွန်မတို့ အိမ်ထောင်ဦးစီးကို မှန်ကန်မျှတ အရည်အချင်းရှိတဲ့ အိမ်ထောင်ဦးစီး ဖြစ်စေချင်တယ်။ ပြီးတော့ ... အိမ်ထောင်ဦးစီး တစ်ယောက်ကိုပဲ မှီခို၊ ဖြစ်သမျှ အကောင်းအဆိုး သူ့ပဲ အပြစ်ပုံချပြီး အိမ်သားတွေ ကိုယ်တိုင်ကိုယ်ကျတော့ စည်းကမ်းမရှိ၊ မကြိုးစားရင် အဲဒီအိမ်ထောင်စုကြီးလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။ ကျွန်မတို့ အိမ်ထောင်ဦးစီးကောင်းကို လိုချင်တယ်၊ အိမ်ထောင်ဦးစီးကောင်း ဖြစ်နိုင်မယ့်လူကို ရွေးချယ်ချင်ပါတယ်။ ပြီးတော့ ကျွန်မတို့ ကိုယ်တိုင်လည်း စည်းကမ်းရှိရမယ်၊ ကြိုးစားရမယ်။

Voice - ဆရာမရဲ့ ပရိသတ်ကို ဒါမှမဟုတ် မြန်မာပြည်မှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ မြန်မာပြည်သူတွေ အားလုံးကို တခြားပြောချင်တာ ရှိရင်လည်း ပြောပါဦး။

PNK - ၂၀၁၅ နိုဝင်ဘာဆိုရင် ကျွန်မတို့နိုင်ငံကို ဦးဆောင်မယ့်သူတွေကို ကျွန်မတို့ ရွေးချယ်ရပါတော့မယ်။ မဲဆန္ဒရှင် အသိပညာပေးဆိုင်ရာ လက်စွဲစာအုပ်ထဲမှာ ပါတဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ပတ်သက်တဲ့ အချက်တွေထဲမှာ ပြည်သူလူထုကို လေးစားတန်ဖိုးထားပြီး နိုင်ငံသားများ အကျိုးစီးပွားရေးရာ ကိစ္စများကို အလေးထားသူ ဖြစ်ရမယ်ဆိုတာ ပါတယ်။ ပြီးတော့ မိမိပါတီရဲ့ အကျိုးစီးပွားထက် နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင် ဆောင်ရွက်လေ့ရှိသူ၊ ပြည်သူလူထုထံမှ သင်ယူလေ့လာရန် အမြဲအဆင်သင့်ရှိသူ ဆိုတာလည်း ပါတယ်။ တခြားအချက် တွေလည်း ပါပါသေးတယ်။ ကိုယ်စားလှယ်လောင်းတွေဟာ ဒီအချက်တွေနဲ့ ပြည့်စုံရဲ့လားဆိုတာ ကိုယ့်ဘာသာ စဉ်းစားရမှာပါ။ ခု မပြည့်စုံသေးရင်လည်း အရွေးခံရပြီးရင် ပြည့်စုံအောင် ကြိုးစားပေးစေချင်ပါတယ်။ ပြည်သူလူထုကလည်း ကိုယ်ရွေးချယ်မယ့် ကိုယ်စားလှယ်ဟာ ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံရဲ့လားဆိုတာ အကဲခတ် ဆုံးဖြတ်စေချင်ပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ်ကို မကြည့်ဘဲ ဘယ်ပါတီကို မဲပေးမယ်လို့ ဆုံးဖြတ်ထားသူတွေလည်း အများကြီး ရှိပါတယ်။ ကျွန်မ ပရိသတ် အပါအဝင် မြန်မာပြည်သူတွေကို ပြောချင်တာကတော့ မဲပေးဖို့ မတွန့်ဆုတ်ပါနဲ့။ ကိုယ်ယုံကြည်ရာကို ရဲရဲရွေးချယ်ပါ။ မှားမလားလို့လည်း မကြောက်ပါနဲ့။ ကျွန်မတို့ တင်မြှောက်လိုက်တဲ့ အစိုးရကို မကြိုက်ရင်လည်း နောက်ငါးနှစ်ကြာရင် ကျွန်မတို့ ပြန်ဖြုတ်ချလို့ ရပါတယ်။

ကျွန်မ ပြောချင်တာကတော့ ဘယ်အစိုးရပဲတက်တက် ကျွန်မတို့ ပြည်သူတွေ ကိုယ်တိုင်ကလည်း စည်းကမ်းရှိရမယ်၊ ကြိုးစားရမယ်၊ အစိုးရက ဘာလုပ်ပေးမလဲ ဆိုတာချည်း မတွေးဘဲ ကိုယ်ကလည်း ကိုယ့်နိုင်ငံကို ဘာလုပ်ပေးနိုင်မလဲဆိုတာ တွေးရမယ်။

အဖွဲ့ဝင်အယ်ဒီတာ



FOLLOW US