News

POST TAGGED AS

ပုစွန်

လိုင်စင်မရှိဘဲ ငါး၊ ပုစွန်ကန် တူးဖော်သူများကို ဒဏ်ကြေးဖြေလျှော့မည်
ရန်ကုန်၊ ဇွန် ၅

လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ပြုသည့် လန ၃၉ လိုင်စင်မရှိဘဲ ငါးကန်၊ ပုစွန်ကန်တူးဖော်သူများကို ဒဏ်ကြေးကျပ် ၁၀ သိန်း ကောက်ခံလျက်ရှိပြီး ယင်းဒဏ်ကြေးကို ဖြေလျှော့ကောက်ခံပေးရန် စီစဉ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ 

အဆိုပါဒဏ်ကြေး ကျပ် ၁၀ သိန်းကို ဖြေလျှော့ကောက်ခံပေးရန်အတွက် ဝန်ကြီးဌာနနှင့် လယ်ယာမြေကော်မတီတို့က သဘောတူထောက်ခံချက်ဖြင့် နိုင်ငံတော်သမ္မတရုံးထံ တင်ပြထားပြီးဖြစ်ကာ မကြာမီ ညွှန်ကြားချက် ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှသိရသည်။ 

“အခြားနည်းသုံးထားတဲ့ လယ်မြေတွေကို ဒဏ်ရိုက်တာက တစ်နေရာနဲ့ တစ်နေရာမတူတာတို့၊ ဒဏ်ကြေးများတာတို့ ဖြစ်နေတဲ့အတွက် ဖြေလျှော့ပေးမယ့် ညွှန်ကြားချက်ထုတ်ဖို့ရှိပါတယ်။ ပြည်နယ်၊ တိုင်းအစိုးရတွေကို သင့်တော်တဲ့ဒဏ်ကြေးပဲရိုက်ဖို့ပေါ့။ ငါးမွေးကန်တွေက အမှန်တော့ ဥပဒေချိုးဖောက်ပြီးလုပ်ထားကြတာ”ဟု ဒေါက်တာထွန်းလွင်က ဆက်လက်ပြောဆိုသည်။ 

လိုင်စင်မရှိဘဲ ကန်တူးဖော်သူများကို ဒဏ်ကြေးကျပ် ၁၀ သိန်း၊ ကျပ် ၁၅ သိန်း၊ ကျပ်သိန်း ၂၀ စသည်ဖြင့် တိုင်းနှင့်ပြည်နယ်အနှံ့တွင် အမျိုးမျိုးကောက်ခံလျက်ရှိပြီး ၂၀၁၇ ခုနှစ်အတွင်းကလည်း ဒဏ်ကြေး ကျပ် ၁၀ သိန်းနှင့်အထက် ကောက်ယူနေမှုများကို ကျပ်နှစ်သောင်းသာ ကောက်ခံရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဖြေလျှော့ပေးခဲ့သော်လည်း ဖြေလျှော့ကောက်ခံခြင်းမရှိဘဲ ကောက်မြဲအတိုင်းသာ ကောက်ခံနေခြင်းကြောင့် ညွှန်ကြားချက်ထုတ် ဖြေလျှော့ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ 

“ငါးမွေးမြူခွင့်ကို ပုံစံ (၇) မရဘဲနဲ့လည်း လျှောက်ရင်လုပ်ပေးလိုက်တာပဲ။ မြေပိုင်ဆိုင်ခွင့်ကိုတော့ သူတို့ကလုပ်ရမှာ။ အဲဒီမှာ မြေပိုင်ဆိုင်ခွင့်မလုပ်ကြတဲ့အတွက် ဒဏ်ကြေးရိုက်တာပါ။ အဲဒါကိုညွှန်ကြားချက်ထုတ်ပြီး ဒဏ်ကြေးတစ်ပြေးညီဖြစ်စေဖို့နဲ့ ဘယ်နှနှစ်အတွင်းက လုပ်ထားတဲ့ မွေးကန်ကိုခွင့်ပြုမယ်၊ ဘယ်နှနှစ်အတွင်းက လုပ်ထားတဲ့ ကန်ကိုခွင့်မပြုဘူးဆိုတာမျိုးပေါ့”ဟု ဒေါက်တာထွန်းလွင်က ပြောကြားသည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် ငါး၊ ပုစွန်မွေးမြူရေးကန်ပေါင်း ၄၈၀,ဝ၀၀ ခန့်ရှိကာ ကန်ပေါင်း ၁၀၈,ဝ၀၀ ခန့်ပင် လန (၃၉) လိုင်စင်ရရှိထားကာ ကျန် ၃၇၀,ဝ၀၀ ကျော်မှာ လိုင်စင်မရရှိသေးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

J-11



FOLLOW US