News

POST TAGGED AS

ပုစွန်

ငါး၊ ပုစွန်မွေးမြူရေးကဏ္ဍအတွက် လမ်းညွှန်ချက်ပေးရန် အစိုးရထံ တောင်းဆို
ရန်ကုန်၊ မေ ၂၃

ပြည်တွင်းရှိ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်ရှိအစိုးရကာလအတွင်း ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ ချပြလမ်းညွှန်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ 

မေလ ၂၂ ရက်နေ့ကပြုလုပ်သည့် ငါးလုပ်ငန်းဆိုင်ရာ အစည်းအဝေးတွင် ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးထံ တင်ပြခဲ့ခြင်းဖြစ်သည်။ 

“မွေးမြူရေးလုပ်ငန်းတွေအတွက် လက်ရှိအစိုးရကာလ ၂ နှစ်ကျော်မှာ ကျွန်တော်တို့ကို ရှေ့လုပ်ငန်းစဉ် ချပြမှုမရှိသေးပါဘူး။ ဘယ်အမျိုးအစားတွေကို ပြည်ပတင်ပို့ဖို့မွေးရမယ်။ ပြည်တွင်းစားသုံးမှုအတွက် ဘယ်ငါးအမျိုးအစားတွေ မွေးရမယ်ဆိုတာတွေပေါ့။ အဲဒီအစီအစဉ် မရှိသေးပါဘူး။ ဒါကို ဝန်ကြီးဆီ ပြန်တင်ပြပေးပါ။ ငါးအဖွဲ့ချုပ်က တောင်းဆိုတာပါ”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအေးက ပြောကြားသည်။ 

ပြည်တွင်းရှိ ငါး၊ ပုစွန်မွေးမြူသည့် လုပ်ငန်းရှင်များကို ပြည်ပဈေးကွက်ရှိသည့် ငါးအမျိုးအစားများ၊ ပြည်တွင်းစားသုံးမှုများသည့် ငါးအမျိုးအစားများကို ပိုမိုမွေးမြူနိုင်ရေးအတွက် လမ်းညွှန်ချက်ပေးရန်အပြင် အခြားပြည်ပဈေးကွက်များကိုလည်း အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းက ပြောဆိုသည်။ 

ဈေးကွက်စီးပွားရေးစနစ်အရ မည်သည့်ငါးမွေးပါဟု ထိန်းချုပ်ခြင်းမရှိဘဲ သားငါးကဏ္ဍဖူလုံရေးနှင့် အစားအစာ ဘေးကင်းရေးအတွက်ကိုမူ ဆောင်ရွက်နေကြောင်း၊ ရန်ကုန်တိုင်း၏ စိုက်ပျိုးမွေးမြူရေးအစီအစဉ်ကို ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။ 

“အစိုးရက ၂ နှစ်ကျော်လာပြီ။ နှစ် ၄၀အတွင်းမှာ မျက်စိပိတ်နားပိတ်နေခဲ့တဲ့အတွက် ချက်ချင်းလမ်းထလျှောက်လို့ မရဘူး။ Guideline လိုတယ်။ လုပ်ငန်းရှင်တွေဘာလိုအပ်ချက်ရှိလဲ မေးရမယ်။ သားပေါက်လိုလား။ နိုင်ငံတော်က သားပေါက်ရအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာတွေ ရှိနေရမှာ”ဟု ဦးထွန်းအေးက ပြောဆိုသည်။

J-11



FOLLOW US