News

POST TAGGED AS

ပုစွန်

ငါး၊ ပုစွန်ကန်များ တရားဝင်ဖြစ်ရန် ဆောင်ရွက်မည်
ရန်ကုန်၊ မတ် ၂၇

ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းနှင့်ပြည်နယ်အားလုံးရှိ တရားမဝင် ငါး၊ ပုစွန် မွေးမြူရေးကန်များကို တရားဝင်ဖြစ်ရန် ဆောင်ရွက်ပေးမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။ 

တရားမဝင်ငါး၊ ပုစွန်မွေးမြူရေးကန်များကို ၂၀၁၈ ခုနှစ် ဧပြီ၊ မေ နှစ်လအတွင်း တရားဝင်မွေးမြူရေးကန်များအဖြစ် ဆောင်ရွက်ပေးရန်အတွက် ပြည်ထောင်စုအစိုးရထံ တင်ပြပေးမည်ဖြစ်ပြီး သင့်တင့်သည့် ဒဏ်ကြေးတစ်ခုဆောင်စေပြီး လယ်ယာမြေအခြားနည်းလမ်း သုံးစွဲခွင့် လယ (၃၀) ထုတ်ပေးရန် စီစဉ်ထားသည်ဟု ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ 

“ထိုက်သင့်တဲ့ဒဏ်ကြေးတစ်ခု သတ်မှတ်ပြီး တရားဝင်လုပ်ငန်းတွေဖြစ်အောင် ဒီတစ်လ၊ နှစ်လအတွင်း ပြည်ထောင်စုအစိုးရခွင့်ပြုချက်နဲ့ ဆောင်ရွက်ပေးမယ်လို့ ပြောထားတယ်။ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ မြေယာအသုံးပြုခွင့်ရရှိရေးက အဓိကသော့ချက်ဖြစ်နေပါတယ်”ဟု ဦးဝင်းကြိုင်က ဆက်လက်ပြောဆိုသည်။ 

လယ်ယာမြေကို အခြားနည်းလမ်း သုံးစွဲခွင့်ပြုသည့် လယ (၃၀) ကို အစိုးရက ငါး၊ ပုစွန်မွေးမြူသည့် လုပ်ငန်းရှင်များကို ထုတ်မပေးသောကြောင့် လယ (၃၀) မရှိဘဲ ငါးကန်၊ ပုစွန်ကန်တူးဖော်သူများသည် ဒဏ်ကြေးကျပ်ငွေ ၁၀ သိန်း ပေးဆောင်နေရခြင်းဖြစ်ပြီး ဒဏ်ကြေး ၁၀ သိန်း ပေးဆောင်နေရသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်လျက်ရှိ သောကြောင့် မွေးမြူရေးလုပ်ငန်းရှင်များက ပြည်ထောင်စုဝန်ကြီးထံ တင်ပြတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။ 

“အခုလက်ရှိမွေးမြူနေတဲ့ လုပ်ငန်းတွေရော၊ နောင်ဆက်ပြီး တိုးချဲ့မွေးမြူမယ့် လုပ်ငန်းတွေရော မြေယာအသုံးပြုခွင့် ရရှိရေးက အဓိကသော့ချက်ဖြစ်နေပါတယ်။ မြေယာအသုံးပြုခွင့်က ငါး၊ ပုစွန် မွေးမြူရေးမှာ အင်မတန်အရေးကြီးပါတယ်။ မကြာခင်မှာ အမိန့်နဲ့ထွက်လာပြီး ညွှန်ကြားချက်နဲ့ ဆောင်ရွက်ပေးမှာပါ”ဟု ဦးဝင်းကြိုင်က ရှင်းပြသည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် ငါးကန်၊ ပုစွန်ကန် မွေးမြူရေးဧကပေါင်း ရှစ်သောင်းခန့်ရှိပြီး တရားဝင် ငါးကန်၊ ပုစွန်ကန်မှာ ဧကပေါင်းလေးသောင်းခန့်သာရှိကာ ကျန်ဧကလေးသောင်းခန့်မှာ တရားမဝင် ငါးကန်၊ ပုစွန်ကန်များဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ 

J-11



FOLLOW US