POST TAGGED AS

ပုစွန်

ပုသိမ်မြို့ ပန်းတမော့ကျွန်းတွင် မျှင်ပုစွန် အုပ်လိုက်တွေ့


ပုသိမ်၊ ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ ကမ်းခြေမြို့ ဘောမိကျေးရွာအုပ်စုရှိ ပန်းတမော့ကျွန်း၌ ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲပိုင်းက မျှင်ပုစွန် (ဂွေးပုစွန်) အများအပြား ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

မျှင်ငါးငပိလုပ်ရာတွင် အသုံးပြုသော ယင်းပုစွန်များမှာ ပင်လယ်ရေလှိုင်းနှင့်အတူ ပါလာခြင်းဖြစ်ပြီး ကမ်းခြေသောင်ပြင်အနီးရှိ ကျောက်ဆောင် ကျောက်ဖျာများအကြား တင်နေခြင်းဖြစ်ကြောင်း၊ ယင်း ပုစွန်များမှာ ပင်လယ်ကမ်းစပ် ရေတိမ်ပိုင်းတွင်လည်း အုပ်လိုက်ကျရောက်ခဲ့ကြောင်း၊ ဘောမိဒေသတွင် မျှင်ပုစွန်များ အုပ်စုလိုက်ကျရောက်မှုမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ဖူးကြောင်း၊ ဘောမိကျေးရွာဒေသခံ ဦးစိုးမိုးက ပြောကြားသည်။ 

မျှင်ပုစွန်များကို ထင်းခွေရန် သွားလာနေသော ဒေသခံများက စတင်တွေ့ရှိခဲ့ပြီး မျှင်ပုစွန်များကို ဒေသခံအချို့လည်း လာရောက်ယူဆောင်ကြရာ တစ်ဦးလျှင် ၁၀ ပိဿာမှ ပိဿာ၂၀ အထိ ရရှိကြကြောင်း ဒေသခံဒေါ်ချိုချိုက ပြောဆိုသည်။ 

“မျှင်ပုစွန် (ဂွေးပုစွန်) ဆို အကောင်သေးသေး နီရဲရဲ ပုစွန်အမျိုးအစားပါ၊ မျှင်ငါးငပိလုပ်တဲ့ ပုစွန်မျိုးပါ၊ ပင်လယ်ထဲ အုပ်ဖွဲ့နေထိုင်ပါတယ်၊ သူတို့ကိုဇာစိပ်စိပ်နဲ့ ကျော့ဖမ်းရတာ”ဟု ဒေသခံ ဒေါ်ချိုချိုက ရှင်းပြသည်။ 

အဆိုပါ ပုစွန်များ အုပ်စုလိုက်ကျရောက်မှုမှာ ပင်လယ်ရေစီးကြောင်း ပြောင်းလဲခြင်း၊ ရေအောက်သံလိုက်လှိုင်း၊ ငလျင်လှိုင်းနှင့် အခြားသော အသံလှိုင်းများ ဖြစ်ပေါ်ခြင်းနှင့် ရာသီတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း ဦးညွှန့်လှိုင်က သုံးသပ်သည်။

မျှင်ပုစွန် (ဂွေးပုစွန်) အများအပြား ကျရောက်သည့် ဘောမိကျေးရွာအုပ်စုရှိ ပန်းတမော့ကျွန်းမှာ ချောင်းသာကမ်းခြေမြို့နှင့် ၁၀ မိုင်ကျော် ကွာဝေးကြောင်း၊ ယင်းကျွန်းမှာ တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေးလေ့ကျင့်သော ပင်လယ်ပြင်အတွင်း ဖောက်ခွဲမှုများ ပြုလုပ်သည့် နေရာများနှင့် ၂ မိုင်အကွာ ဝန်းကျင်၌ရှိကြောင်း ဒေသခံများထံမှ သိရသည်။

R-12




FOLLOW US