News

POST TAGGED AS

ပုဂ္ဂလိက

ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများ၏ဝတ်စုံကို နိုင်ငံ့ဝန်ထမ်း ဝတ်စုံများနှင့် တူညီမှုမရှိစေရန် ညွှန်ကြား
ရန်ကုန်၊ မေ ၁၃ 

ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းများ၏ ဝတ်စုံအရောင်၊ ပုံသဏ္ဌာန်၊ တံဆိပ်၊ အမှတ်အသားများကို တပ်မတော်၊ ရဲတပ်ဖွဲ့ အပါအဝင် နိုင်ငံ့ဝန်ထမ်းများ အသုံးပြုဝတ်ဆင်နေသည့် ဝတ်စုံ၊ တံဆိပ်၊ အမှတ်အသားများနှင့် တူညီမှု မရှိစေရန် ညွန်ကြားထားကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ စိစစ်ကြပ်မတ်ရန် လုံခြုံရေးဆိုင်ရာ စိစစ်ကြီးကြပ်ရေး ကော်မတီကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၁၃/၁၈ ဖြင့် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ကြောင်း၊ ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းများ၏ ဝတ်စုံနှင့် တံဆိပ်တို့ကို နိုင်ငံ့ဝန်ထမ်း၊ တပ်ဖွဲ့၊ ဦးစီးဌာနများ၏ ဝတ်စုံများနှင့် ကွဲပြားစေရန် လုံခြုံရေးဆိုင်ရာ စိစစ်ကြီးကြပ်ရေး ကော်မတီက စိစစ်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ယင်းညွန်ကြားချက်တွင် ဖော်ပြပါရှိသည်။

“လုံခြုံရေး ဝန်ထမ်းတွေရဲ့အရောင်က တစ်ရောင်တည်း တစ်ပြေးညီ ဖြစ်ရမယ်လို့ ညွန်ကြားထားတယ်။ အဲဒီကိစ္စကတော့ မလွယ်ဘူး။ အထက်ကနေ တစ်ခါတည်း သတ်မှတ်ပေးမှရမှာ၊ အဲလို သတ်မှတ်ပေးရင်လည်း ဘယ်သူက ဘယ်ကုမ္ပဏီကလဲဆိုတာ ကွဲကွဲပြားပြား သိနိုင်ဖို့မလွယ်ဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။

ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းများ၏ ဝတ်စုံကို အင်္ကျီလက်တို၊ လက်ရှည်၊ ဘောင်းဘီရှည်ဖြင့် နှစ်မျိုးဝတ်ဆင်နိုင်ပြီး ဦးထုပ်ကို ပိကတ်နှင့် လျှာထိုးနှစ်မျိုး အသုံးပြုနိုင်ကြောင်း၊ ဖိနပ်ကို ရှူးဖိနပ်တစ်မျိုးတည်းသာ အသုံးပြုရမည်ဖြစ်ပြီး ခါးပတ်ကို အသေးတစ်မျိုးသာ အသုံးပြုရမည်ဖြစ်ကြောင်း၊ အင်္ကျီလက်မောင်းဘက် တံဆိပ်သည် လေးထောင့်ပုံသဏ္ဌာန် အကွက်အတွင်းတွင် ကုမ္ပဏီမှ အသုံးပြုမည့် အမှတ်အသားကို ထည့်သွင်းရမည်ဖြစ်ပြီး ဦးထုပ်၊ ခါးပတ်တို့တွင် နိုင်ငံတော် တံဆိပ်နှင့် ကြယ်များကို တပ်ဆင်သုံးစွဲခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရသည်။

နိုင်ငံတော်တွင် ဝတ်ဆင်အသုံးပြုလျက်ရှိသော ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီနှင့် အသင်းအဖွဲ့များသည် နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်းများ ဝတ်ဆင် အသုံးပြုလျက်ရှိသော ဝတ်စုံများ၊ ယင်းဝတ်စုံများနှင့် သဏ္ဌာန်တူသည့် ဝတ်စုံများကို ဖန်တီးဝတ်ဆင်ခြင်း မပြုရန်နှင့် ထိုသို့ ပြုလုပ်ဝတ်ဆင်သည်ကိုတွေ့ရှိပါက တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

J-16



FOLLOW US