News

POST TAGGED AS

ပုဂ္ဂလိက

03-May-2018

လုံခြုံရေး
နိုင်ဂျီးရီးယားတွင် ဗလီနှင့် ဈေးကို အသေခံဗုံးခွဲတိုက်ခံရ၊ လူဒါဇင်များစွာ သေဆုံး

ယိုလာ၊ မေ ၂

နိုင်ဂျီးရီးယားနိုင်ငံ မူဘီဒေသတွင်  ဗလီဝတ်ကျောင်းတစ်ခုနှင့် ဈေးတစ်ခုတို့ကို အသေခံဗုံးခွဲသမားများက ဗုံးနှစ်လုံးခွဲ တိုက်ခိုက်ခဲ့ရာ လူဒါဇင်ပေါင်းများစွာ သေဆုံးသွားခဲ့ကြောင်း DW သတင်းတစ်ရပ်က ဖော်ပြထားသည်။

နေ့ခင်း တစ်နာရီအချိန်တွင် အသေခံ ဖောက်ခွဲရေးသမားက ဗလီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသရဲမင်းကြီး အဗ္ဗဒူလာ ဟီယီရီမာက ပြောကြားသည်။

ထို့နောက် ဒုတိယမြောက် တိုက်ခိုက်ရေးသမားက မီတာ ၂၀ဝ ခန့်ကွာသော နေရာတွင် ထပ်မံ ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

ဗုံးရှင်းလင်းရေးသမားများနှင့် လုံခြုံရေးတပ်များက နယ်မြေကို ရှင်းလင်းလျက် ရှိကြသည်။ လူပေါင်းများစွာ သေဆုံးပြီး ဒဏ်ရာရရှိသူလည်း များပြားကြောင်း ဆေးရုံသတင်းရင်းမြစ်များက အတည်ပြုပေးထားသည်။ 

မူဘီဒေသကို ၂၀၁၄ က သိမ်းခဲ့ဖူးသော ဘိုကိုဟာရမ်သည် ယခုအခါ ပြန်လည် ဆုတ်ခွာသွားရပြီး အနီးအနားမြို့များကို လစ်လျှင်လစ်သလို လာရောက်တိုက်ခိုက်လေ့ရှိသည်။

ဘိုကိုဟာရမ် သူပုန်ထမှုကြောင့်  နိုင်ဂျီးရီးယားတွင် လူပေါင်း ၂ သောင်းခန့် သေဆုံးရကာ လူ၂သန်းကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသည်။ 

ပြီးခဲ့သည့် ကြာသပတေးနေ့ကလည်း ဘော်နိုပြည်နယ် မြို့တော် မာဒူဂူရီကို တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူလေးဦး သေဆုံးသွားခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ပြီးခဲ့သည့်နှစ်က မူဘီဒေသ၌ပင် ဗလီဝတ်ကျောင်း၏ နံနက်ခင်း ကိုးကွယ်ဝတ်ပြုမှု အစီအစဉ်ကို အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၅၀ ဦး သေဆုံးခဲ့ရသည်။

၂၀၁၄ ခုနှစ်ကလည်း ထိုဒေသ၏ ဘောလုံးပွဲတစ်ခုကို တိုက်ခိုက်ခဲ့သဖြင့် ပရိသတ် ၄၀ ခန့် သေဆုံးခဲ့ရသေးသည်။ 

F-02



FOLLOW US