News

POST TAGGED AS

ပုဂံ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အောက်ခံမြေလွှာလှုပ်ရှားမှုတိုင်းတာမည်


မန္တလေး၊ မေ ၁၇

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အောက်ခံမြေလွှာလှုပ်ရှားမှုတိုင်းတာခြင်းလုပ်ငန်းများကို ဇွန်လကစ၍ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။

ယင်းလုပ်ငန်းများကို မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ စင်ကာပူနိုင်ငံ နန့်ယန်းတက္ကသိုလ်ရှိ မြေကမ္ဘာလေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် ရှေးဟောင်းသုတေသနဦးစီးဌာနမှ ပညာရှင်များ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၏ မြေအနေအထားများကို သိရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောကြားသည်။

“ဘယ်နေရာတွေက မြေပျော့၊ ဘယ်နေရာတွေက မြေမာတယ်၊ အနက်ဘယ်လောက်မှာ မြေမာရှိတယ်ဆိုတာတွေ၊ ကျောက်လွှာ ရှိတယ်ဆိုတာတွေ ထွက်လာမယ်ပေါ့။ ငလျင်လှုပ်ရှားမှုတွေ ဖြစ်လာရင် ဘယ်ဒေသ၊ ဘယ်နေရာက ထိခိုက်မှုများနိုင်တယ်၊ လှုပ်ရှားမှုတွေ ဘယ်လိုဖြစ်နိုင်သလဲ ဆိုတာတွေကို သိနိုင်မယ်။ ဒါတွေလုပ်ရတဲ့နောက်ဆုံး ရည်ရွယ်ချက်က ပုဂံဒေသနဲ့ပတ်သက်တဲ့ သီးသန့်မြေပုံတစ်ခု ထုတ်နိုင်အောင်အတွက်ပါ” ဟု ၎င်းက ရှင်းပြသည်။

မြေလွှာတိုင်းတာခြင်းလုပ်ငန်းများအနက် ရှေးပြေးတိုင်းတာမှုအဖြစ် ပုဂံနန်းတော်ရာတွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် တစ်နှစ်လုံး ပုဂံဒေသ၏ မြေသားလှုပ်ရှားမှုကို လေ့လာမည်ဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် အဆောက်အအုံပိုင်းကို လေ့လာမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို မြေလွှာလှုပ်ရှားမှု တိုင်းတာသည့် စက်နှစ်လုံးဖြင့် ပြုလုပ်မည်ဖြစ် ကြောင်းမြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ ထပ်မံသိရသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရား၊ စေတီ ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ရာ ပျက်စီးခဲ့သည့်ဘုရားများကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးအဖြစ် အဆင့်ခွဲ၍ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ရာ လက်ရှိတွင်ပြုပြင်ဆဲ ၂၆ ဆူ နှင့် ပြုပြင်ရန် ၅၅ ဆူကျန်ရှိသေးကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

M-05



FOLLOW US