News

POST TAGGED AS

ပုဂံ

သက်တမ်း နှစ်သန်း ၄၀ ကျော်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းများ မြိုင်မြို့နယ်တွင် တွေ့ရှိ
ရန်ကုန်၊ မတ် ၁၀

ပြင်သစ်-မြန်မာ နှစ်နိုင်ငံပညာရှင်များ ပူးပေါင်း၍ ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနကွင်းဆင်းခဲ့ရာတွင် မကွေးတိုင်းမြိုင်မြို့နယ်ရှိ ကျေးရွာအချို့မှ နှစ်သန်းလေးဆယ်ကျော် သက်တမ်းရှိသည့် ပုံတောင်ဂျီးယား ပရိုင်းမိတ်အမျိုးအစားများကို တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က ပြောကြားသည်။

“ပြင်သစ်က ပညာရှင်တွေနဲ့ပေါင်းပြီး ကွင်းဆင်းသုတေသနပြုချက်တွေအရ ပုံတောင်ဂျီးယား ပရိုင်းမိတ်တွေကို တွေ့ရှိရတာဖြစ်တယ်။ တွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားတွေကို အသေးစိတ် ဆက်လေ့လာရဦးမှာပါ”ဟု ၎င်းက ဆိုသည်။

ပြင်သစ်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်း၍ မြိုင်ဒေသ ပေါက်ခေါင်းကျေးရွာအနီးရှိ ဒေသတစ်ဝိုက်ကို ကွင်းဆင်းသုတေသနပြုလုပ်ခြင်းကို ဖေဖော်ဝါရီလ ၈ ရက်မှ ၂၈ ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သုတေသနပြုလုပ်စဉ်အတွင်း ပုံတောင်ဂျီးယား ပရိုင်းမိတ်အမျိုးအစားများဖြစ်သည့် အောက်မေးရိုးပါ သွားများ၊ အံသွားများနှင့် သွားအလွတ်များ စသည်ဖြင့် ကျောက်ဖြစ်ရုပ်ကြွင်းအစိတ်အပိုင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

“ပုံတောင်ဂျီးယားဆိုတာက နှစ်သန်းပေါင်းလေးဆယ်လောက်က ပရိုင်းမိတ်အမျိုးအစားဖြစ်တယ်။ အဲတုန်းက သက်ရှိသတ္တဝါတွေဆိုတဲ့ အဆင့်လောက်ပဲ ရှိသေးတယ်။ အဲ့ခေတ်က ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ ဖြစ်တည်ခဲ့မှုတွေ၊ အထောက်အထားတွေကနေ တစ်ဆင့်ပြီးတစ်ဆင့် တွေ့ရှိမှုကနေဆက်ပြီး လူသားဖြစ်တည်မှုကွင်းဆက်ကို ဆက်ပြီးလေ့လာရမှာပါ”ဟု ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်းမှ ကထိက ဦးကျော်ခိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိရသော ကျောက်ဖြစ်ရုပ်ကြွင်းများသည် နှစ်သန်းပေါင်းလေးဆယ်ကျော် ပတ်ဝန်းကျင်ရှိပြီး ယင်းထက် သက်တမ်းနည်းပါးသည့် နှစ်ရှစ်သန်း၊ ငါးသန်း စသည့်ဝန်းကျင်များတွင် လူဝံ၊ မျောက် စသည့် လူသားနှင့် ဆက်စပ်သည့်သက်ရှိများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိရနိုင်ကြောင်း၊ ယင်းပရိုင်းမိတ်များမှတစ်ဆင့် လူသားဖြစ်တည်မှု၏ ကွင်းဆက်များကို အထောက်အထားပြလေ့လာနိုင်ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များထံမှ သိရသည်။

J-14



FOLLOW US