News

POST TAGGED AS

ပုဂံ

30-Aug-2016

ပုဂံ
ပုဂံ သင်ခန်းစာ
စုလစ်မွမ်းချွန်တို့ကား ငုံးအတိ၊ အထုအထည်တို့ကား ပြိုပုံအတိ။

မကွေးတိုင်းဒေသကြီး ချောက်မြို့အနီးကို ဗဟိုပြုကာ သြဂုတ်လ ၂၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အား ၆ ဒသမ ၈ ရစ်ခ်ျတာစကေး အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် ပုဂံရှိ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးပေါင်း ၁၈၇ ဆူ ထိခိုက် ပျက်စီးခဲ့ရသည်။ 

ယင်းကဲ့သို့ ပျက်စီးမှုမှာ ၁၉၇၅ ခုနှစ်က လှုပ်ခတ်ခဲ့သော ပထမအကြိမ် ပုဂံငလျင်လောက် ပျက်စီးမှု မရှိသော်လည်း ထိုပျက်စီးမှုများကို ပြန်လည် ပြင်ဆင်ရာတွင် အရည်အသွေး ထိန်းချုပ်မှု အားနည်းခဲ့သောကြောင့် ယခုကဲ့သို့ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကို က ပြောဆိုလိုက်သည်။ 

“အရင်က ပြင်ဆင်တာ Quality Control (အရည်အသွေး ထိန်းသိမ်းမှု)  အားနည်း ခဲ့တယ်လို့ သိရတယ်။ ခု ပျက်စီးတာတွေက ဒါမျိုးကြောင့် ဖြစ်နိုင်တယ်”ဟု သူက ပြောသည်။ 

သြဂုတ်လ ၂၅ ရက် နံနက်ပိုင်းက ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည့် ငလျင်ဒဏ်ခံ စေတီပုထိုးများနှင့် ပတ်သက်သည့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပြန်လည် ပြင်ဆင်နိုင်ရန် နိုင်ငံတကာ၏ အကူအညီကို ရယူ သွားရမည်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။ 

ရှေးယခင်က စေတနာ၊ သဒ္ဒါတရားတို့ဖြင့် တည်ဆောက်ခဲ့သည့် ထုပိကာ လက်ရာများသည် လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ခန့် ၁၉၇၅ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ငလျင်ကြောင့် အဆူပေါင်း ရာနှင့်ချီ၍ ထိခိုက် ပျက်စီးခဲ့ရပြီး ရှေးလက်ရာတို့ ပျက်စီးခဲ့ရသည်။ ထို့နောက် တပ်မတော် အစိုးရလက်ထက်တွင် ပြန်ပြင်ခဲ့သည်။ ပိုဆိုးသည်ကား ပြန်လည် ပြင်ဆင်ခဲ့ကြသူ အချို့မှာ တတ်သိ နားလည်မှု  ပါးလျခဲ့ကြောင်း ဝန်ကြီး၏ စကားက  သက်သေခံလျက် ရှိသည်။ 

ယင်းအပြင် ဒေသခံတို့ကလည်း ထိုအခြင်းအရာကို ပြောဆိုကြသည်။ 

“အခု ပျက်စီးတဲ့ စေတီ တော်တော်များများက ပြန်ပြင်ဆင်ခဲ့ရတဲ့ စေတီတွေဆိုတာ ဟုတ်တယ်။ ပြန်လည် ပြုပြင်ရေးမှာ အုတ်၊ ထုံး၊ သဲ စတာတွေ ရေသာခိုခဲ့တော့ မူလရှိထားတဲ့ အပိုင်းအစတွေနဲ့ မကိုက်ညီနိုင်ဘဲ ခုလို ငလျင်ပြန်လှုပ်တော့ ပြိုကျကုန်တာ”ဟု ပုဂံမြို့ မြင်းကပါ အရပ်မှ ဘုရားငြမ်းဆင်၊ လျှပ်စစ်မီးဆင် ပြုလုပ်သူ တစ်ဦးက ထောက်ပြ ပြောဆိုသည်။ 

ပုဂံဒေသ စေတီပုထိုးများ ပြုပြင်ရန်အတွက် လက်ရှိတွင် ပြည်တွင်း အလှူရှင်တို့ထံမှ လှူဒါန်းငွေပေါင်း ကျပ်သိန်း လေးထောင်ကျော် ရရှိနေပြီ ဖြစ်ကြောင်း ဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။ 

ပျက်စီးခဲ့သည့် စေတီပုထိုးများ၏ အပြင်ဘက်ကို ရှေးမူ မပျက် စေရန်အတွက် ပြင်ဆင်မည်ဖြစ်ပြီး အတွင်းပိုင်းများကိုမူ  ရေရှည် တည်တံ့ နိုင်စေရန်အတွက် အခိုင်အမာ ပြုလုပ်မည်ဟု ဆိုသည်။ 

“ကျွန်တော် ဒီလို တင်ပြတာကို နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကလည်း လက်ခံပါတယ်”ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။ 

လက်ရှိ ပျက်စီးနေသည့် စေတီပုထိုးများထဲမှ လူဝင် လူထွက်များသည့် လိုဏ်ဘုရားများကို ပိတ်ပင်ရန် လိုအပ်ကြောင်း၊ ယင်းအပြင် အပျက်အစီးများ ဖယ်ရှား ရှင်းလင်းရာတွင်လည်း အဆောတလျင် မဖယ်ရှားဘဲ အသေးစိတ် ရှင်းလင်းနိုင်ရန်အတွက် ယူနက်စကိုစသည့် အဖွဲ့အစည်းများကို စောင့်ဆိုင်းသင့်ကြောင်း ပုဂံဒေသ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်က ဆိုသည်။ 

“၁၉၉၆ ခုနှစ်နဲ့ နောက်ပိုင်း ပြင်ဆင် ထိန်းသိမ်းခဲ့တဲ့ ဘုရားတွေက ထိပ်ပိုင်း ပျက်တာများတယ်”ဟု ၎င်းက တွေ့ရှိချက်ကို ပြောသည်။

၁၉၉၆ နောက်ပိုင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက် ပုဂံဘုရား အများအပြားကို ပြန်ပြင်ခဲ့သည်။

ယခုနှစ်ပိုင်းများအတွင်း မြန်မာနိုင်ငံတွင် မြေငလျင် လှုပ်ခတ်နေမှုများ ဖြစ်ပေါ်ခဲ့ပြီး ပုဂံဒေသ မြေငလျင် ကာကွယ်ရေးအတွက် ဆွေးနွေးပွဲ တစ်ရပ်ကို မြေငလျင် ပညာရှင်များ၊ ဗိသုကာ ပညာရှင်များဖြင့် သြဂုတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်ရန် လျာထားပြီး ဖြစ်သည်။ ယင်းပွဲ စီစဉ်နေဆဲ အချိန်တွင် ငလျင်ဘေးဒဏ် ခံလိုက်ရခြင်းလည်း ဖြစ်သည်။

အဖိုးအနဂ္ဃထိုက်သည့် ရှေးဟောင်း အမွေအနှစ် တို့သည် မသိနားမလည်သူ အချို့ကြောင့် အကောင်အထည် ရုပ်လုံး ပေါ်နေသော်လည်း အတွင်းပိုင်း အနှစ်သာရတို့က ပျက်စီးခဲ့ပြီးသည်ကို သင်ခန်းစာ ယူရမည်ဖြစ်သည်။

ယခင်က ပျက်စီးခဲ့မှုများကို ပြင်ဆင်ခဲ့ရာတွင် အားနည်းသည့် အပိုင်းများကို လက်ရှိ အစိုးရအဖွဲ့အသစ် အနေနှင့် သင်ခန်းစာယူပြီး စေတီပုထိုးများ သက်တမ်းရှည်ရှည် တည်တံ့နိုင်ရန်အတွက် လုပ်ဆောင်သင့်သည်။ 

ယခုကဲ့သို့ ပုဂံဒေသရှိ ဘုရားများ ထိခိုက်ပျက်စီးမှုမှာ အစိုးရအဖွဲ့သစ်အတွက် ရှေးဟောင်းဘုရားတွေကို အခိုင်အမာ ပြန်လည် ပြင်ဆင်နိုင်မည့် မဟာကုသိုလ်တော် အခွင့်အရေး ဖြစ်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့သည်ဟု ဝန်ကြီး သူရဦးအောင်ကိုက ဆိုသည်။ 

“အလျင်စလို မပြင်ဘဲ နှစ်ပေါင်းထောင်ချီ ခံအောင် လုပ်မယ်”

စုလစ်မွမ်းချွန်တို့ကား ငုံးအတိ၊ အထုအထည်တို့ ကား ပြိုပုံအတိ။ ပုဂံသည်ကား သင်ခန်းစာအတိ။

မြတ်(ကလေး)

  • VIA


FOLLOW US