News

POST TAGGED AS

ပုဂံ

19-Oct-2017

ပုဂံ
မိုးသည်းထန်မှုကြောင့် ပုဂံရွှေဆံတော်ဘုရား နံရံအချို့ပြိုကျ

မန္တလေး၊ အောက်တိုဘာ ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း အောက်တိုဘာ ၁၈ ရက်နေ့က ရွာသွန်းခဲ့သည့်မိုးကြောင့် မွန်းလွဲ ၁ နာရီခန့်က ရွှေဆံတော်ဘုရား၏ ပထမ ပစ္စယာ အုတ်သားနံရံ အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးခဲ့ရကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ယင်းသို့ပြိုကျမှုကြောင့် လူအထိအခိုက် မရှိခဲ့သော်လည်း ပျက်စီးသွားသည့်နေရာကို ပြုပြင်လျက်ရှိသည်ဟု ၎င်းက ပြောဆိုသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်အတွင်းက လှုပ်ခတ်ခဲ့သော အင်အား ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းထန်သည့် ငလျင်ကြောင့် ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ (၃၈၉) ဆူ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ယင်းနှစ် စက်တင်ဘာလအတွင်း ရွာသွန်းခဲ့သည့်မိုးကြောင့် ငလျင်ဒဏ်သင့် ပုဂံဘုရားစေတီအချို့ ပျက်စီးခြင်းများ ရှိခဲ့ကာ နိုဝင်ဘာလအတွင်း ရွာသွန်းခဲ့သည့် မိုးကြောင့်လည်း အုတ်ကျောင်းတစ်ခု၏ အစိတ်အပိုင်းအချို့ ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

ပထမပစ္စယာ အုတ်သားနံရံ အစိတ်အပိုင်းအချို့ ပြိုကျခဲ့သော ရွှေဆံတော်ဘုရားသည် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ပုဂံဒေသ၏ နေဝင်၊ နေထွက်ချိန် ရှုခင်းများကို အဓိကထား တက်ရောက်ကြည့်ရှုရာ ဘုရားတစ်ဆူဖြစ်ခြင်း၊ တက်ရောက်ကြည့်ရှုသူ များသည့်အတွက် အဂါရဝ ဖြစ်စေခြင်း၊ ၁၉၇၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်မှုရှိခဲ့သည့် ဘုရားဖြစ်ခြင်း၊ ရေရှည်တွင် ကြံ့ခိုင်မှုပိုင်း ထိခိုက်လာနိုင်ခြင်းတို့ကြောင့် ယခုလ ၁၅ ရက်နေ့မှ စတင်က ဘုရားပေါ်သို့ တစ်ကြိမ်လျှင် လူဦးရေ ၆၀ဝ အထိသာ တက်ခွင့်ပြုတော့သော စေတီတစ်ဆူဖြစ်သည်။

M-05

  • VIA


FOLLOW US