News

POST TAGGED AS

ပုဂံ

19-Oct-2017

ပုဂံ
ကန့်ကွက်မှုကြောင့် အာနန္ဒာဘုရား တောင်ဘက်မုခ်တွင် ခင်းထားသော ကွန်ကရစ်လမ်းကို ပြန်ဖျက်
မန္တလေး၊ အောက်တိုဘာ ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ အာနန္ဒာဘုရား တောင်ဘက်မုခ်တွင် ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ခင်းနေသော ကွန်ကရစ်လမ်းကို ပြန်ဖျက်လိုက်ပြီဖြစ်ကြောင်း ယင်းဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။

ယင်းသို့ လမ်းခင်းသည့် လုပ်ငန်းများကို အောက်တိုဘာ ၁၄ ရက်နေ့က စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်း စီမံချက်များအရ ကွန်ကရစ် ခင်းထားသည့်အပေါ်မှ ကျောက်စီသည့် လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရန် ရည်ရွယ်ထားသော်လည်း လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ဝေဖန်မှုများ ရှိလာခြင်းကြောင့် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု အာနန္ဒာဘုရား ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးရဲမြင့်က ပြောကြားသည်။

“ပေ ၄၀ လောက် ခင်းထားပြီးချိန်မှာ ဝေဖန်ကန့်ကွက်သံတွေ ထွက်လာတာကြောင့် ပြန်ဖျက်လိုက်ပါပြီ”ဟု ၎င်းက ပြောဆိုသည်။

လုပ်ငန်းစီမံချက်များအရ လမ်းအကျယ် ၂၅ ပေ၊ အလျားပေ ၄၉၀ ခန့်၊ ကွန်ကရစ်ထု လေးလက်မ ရှိမည်ဖြစ်ကာ ကျပ်သိန်း ၃၀ဝ ကျော် အကုန်အကျခံ ပြုလုပ်ရန် စီစဉ်ထားကြောင်း ကနဦး လုပ်ငန်းစီမံချက်များအရ သိရသည်။

“ဒီလိုလမ်းခင်းတာနဲ့ ပတ်သက်ပြီးတော့ လူမှုကွန်ရက်မှာ ဝေဖန်သံတွေ ထွက်လာတယ်။ ဒါကြောင့် ၁၇ ရက်နေ့မှပဲ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး ခေါ်ပြီးတော့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကွန်ကရစ်လမ်းခင်းတာကို ရပ်ဆိုင်းဖို့  ဆုံးဖြတ်လိုက်တာပါ။ မူလရှိနေတဲ့ ဂဝံကျောက်ခင်းလမ်းအတိုင်ပဲ ထားပါတော့မယ်”ဟု ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် လုပ်ဆောင်လျက်ရှိပြီး စက်တင်ဘာလအတွင်းက ပထမအဆင့် မူကြမ်းကို ယူနက်စကိုအဖွဲ့ထံ တင်ပြထားကြောင်း၊ ယင်းသို့ လုပ်ဆောင်နေဆဲ ကာလတွင် ကွန်ကရစ်လမ်းခင်းခြင်း ကဲ့သို့သော ကိစ္စရပ်များ မလုပ်သင့်ကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး လုပ်ငန်းများကို ထိခိုက်စေနိုင်ကြောင်း  ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒုတိယညွန်ကြားရေး မှူးချုပ် ဦးသိန်းလွင်က ပြောဆိုသည်။

“ဒီလိုကြီးလုပ်တာကတော့ ယူနက်စကိုတင် မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကပါ ခွင့်မပြုပါဘူး။ နိုင်ငံတကာအဆင့် မပြောနဲ့ ပြည်တွင်းကတောင် မကြိုက်ဘူး။ ကွန်ကရစ်လမ်းခင်းတာက အရမ်းထိခိုက်တယ်။ နိုင်ငံခြားသားတွေမြင်ရင် မင်းတို့မြန်မာလူမျိုးတွေက ရှေးဟောင်း သုတေသနဆိုတာကို နားမလည်ဘူးလား၊ ဒီလိုနေရာမျိုးမှာ ဒီလို လုပ်ရသလားပြောရင် နိုင်ငံပါသိက္ခာပါကျတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

လက်ရှိတွင်လည်း အာနန္ဒာဘုရား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်ကစ၍ အိန္ဒိယနိုင်ငံ၏ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ မီလီယံဖြင့် ပြုပြင်နေရာ ယင်းလုပ်ငန်းသည်လည်း လက်ရှိဘဏ္ဍာနှစ်တွင် ပြီးဆုံးမည်ဖြစ်၍ လတ်တလောတွင်  ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

M-05

  • VIA


FOLLOW US