News

POST TAGGED AS

ပုဂံ

16-Oct-2017

ပုဂံ
ပုဂံ ရွှေဆံတော် ဘုရားပေါ်တက်ခွင့် လူအရေအတွက် ကန့်သတ်

မန္တလေး၊ အောက်တိုဘာ ၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိပြီး ပြည်တွင်းပြည်ပ ခရီးသွားများအနေနှင့် နေထွက်၊ နေဝင်ချိန်ရှုခင်းများ အဓိကကြည့်ရှုရာ ရွှေဆံတော် ဘုရားပေါ်သို့ လူဦးရေ အကန့်အသတ်ဖြင့်သာ တက်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ယင်းဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာ ၁၅ ရက်နေ့ကစ၍ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်သာ တက်ခွင့်ပေးထားပြီး တစ်ကြိမ်လျှင် လူဦးရေ ၆၀ဝ အထိသာ တက်ခွင့်ပြုတော့ကြောင်း၊ ရွှေဆံတော် ဘုရားပေါ် တက်သူ အရေအတွက် သိရှိနိုင်ရန် တုံကင်စနစ် ကျင့်သုံးမည်ဖြစ်ကြောင်း ယင်းဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးဝင်းက ပြောကြားသည်။ 

“ခရီးသွားရာသီ မဟုတ်တဲ့အချိန်မှာ တစ်ရက်ကို လူ လေးငါးဆယ်လောက်ပဲရှိပေမယ့် ခရီးသွား ရာသီချိန်ဆို ရေတွက်လို့ မရအောင်ကို များလွန်းတယ်”ဟု ၎င်းက ပြောဆိုသည်။

ရွှေဆံတော်ဘုရားပေါ်သို့  တက်ရောက်ကြည့်ရှုသူ များသည့်အတွက် အဂါရဝဖြစ်စေခြင်း၊ ၁၉၇၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်မှုရှိခဲ့သည့် ဘုရားဖြစ်ခြင်း၊  ကြံ့ခိုင်ရေး ထိခိုက်လာနိုင်ခြင်းတို့ကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး မှူး ဦးစိုးတင့်က ပြောကြားသည်။

ရွှေဆံတော်ဘုရားသည် ရှုခင်းကြည့်နိုင်သော နေရာများအနက် အချက်အချာကျသော နေရာတွင်ရှိသောကြောင့် တက်ရောက်ကြည့်ရှုသူ ပိုမိုများပြားကြောင်း ပုဂံဒေသရှိ ဧည့်လမ်းညွှန်များက ပြောဆိုသည်။

“ကျွန်တော်တို့သဘောကလည်း ဘုရားပေါ် လူအရမ်းများရင် မကြိုက်ဘူး။ အလှည့်ကျ တက်ရမယ်ဆိုတော့ ကောင်းပါတယ်။ ပြည်တွင်း ခရီးသွားတွေကတော့  ပြာသာဒ်ကြီးကို သွားတာများတယ်။ နိုင်ငံခြားသား ခရီးသွားတွေလောက်ပဲ ရွှေဆံတော်ကိုလာတာ များတယ်။ ခုလို အကန့်အသတ်နဲ့ ထိန်းလိုက်တာက မဆိုးဘူး”ဟု ပုဂံဧည့်လမ်းညွှန်အသင်း နာယက တစ်ဦးဖြစ်သူ ဦးခင်မောင်နုက ပြောကြားသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ် မြေအတွင်းရှိ ပုဂံဒေသရှုခင်းများကို တောင်ကူနီဘုရား၊ ရွှေဆံတော်ဘုရားနှင့် ပုဂံမျှော်ဘုရား၊ ပြာသာဒ်ကြီးတို့ပေါ်မှ တက်ရောက်ကြည့်ရှုလေ့ရှိကြရာ ရှေးဟောင်း ဘုရားများပေါ်သို့ တက်ရောက်မှု လျော့ပါးစေရန်အတွက် အရှေ့အိုးထိန်းကုန်း၊ အနောက်အိုးထိန်းကုန်း၊ ကိုမောက်ကန် ရှုခင်းကြည့်တောင်ကုန်း၊ ညောင်လက်ဖက်ကန်ရှုခင်းကြည့်တောင်ကုန်းနှင့် စူဠာမဏိ ကန်ရှုခင်းကြည့်တောင်ကုန်းများ စီစဉ်ပေးထားကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ မှတ်တမ်းများအရ သိရသည်။         

M-05

  • VIA


FOLLOW US