POST TAGGED AS

ပုဂံ

16-Oct-2017

ပုဂံ မန္တလေး
အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်း ပြုပြင်မွမ်းမံမည်

မန္တလေး၊ အောက်တိုဘာ ၁၅

အင်းဝရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ နန်းမတော်မယ်နု အုတ်ကျောင်း (မဟာအောင်မြေဘုံ စံကျောင်း) ကို ပြုပြင်မွမ်းမံမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ပင်းယအင်းဝဌာနစုထံမှ သိရသည်။

မယ်နုအုတ်ကျောင်း၏ အမိုးပိုင်းတွင် မိုးရေယိုစိမ့်မှု ဖြစ်ပေါ်နေပြီး ၂၀၁၂ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အချို့နေရာများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေခြင်းတို့အပြင် ဆေးရောင်များ လွင့်ပြယ်နေခြင်းတို့ကြောင့် ပြုပြင်မွမ်းမံရခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို အလှူရှင်တစ်ဦး၏ ထောက်ပံ့မှုဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ပင်းယအင်းဝဌာနစု လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဟန်က ပြောကြားသည်။

မိုးရေယိုစိမ့်နေသဖြင့် အမိုးပိုင်း အင်္ဂတေအလွှာနှင့် အတွင်းပိုင်းစိုထိုင်းမှုကို ဖြစ်ပေါ်စေသည့်အပြင် ပိုးမွှားများ ခိုအောင်းမှုကြောင့် အင်္ဂတေလွှာများ၏ ကြံ့ခိုင်မှုကို ထိခိုက်စေပြီး သစ်သားကြမ်းခင်းများ ဆွေးမြည့်စေကြောင်း၊ လက်ရှိအနေအထားအရ အမိုးပိုင်းနှင့် နံရံတို့၏ ယိုယွင်းမှုကို ကြိုတင် ကာကွယ်နိုင်ရေးတို့အတွက် ပြုပြင်မွမ်းမံရန် လိုအပ်နေကြောင်း၊ လက်ရှိတွင် အလှူရှင်နှင့် ညှိနှိုင်း လုပ်ဆောင်နေသဖြင့် ကုန်ကျစရိတ်နှင့် ပြုပြင်မည့်အချိန်ကို မပြောနိုင်သေးကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ အုတ်ကျောင်းကြီးကို နန်းမတော် မယ်နု၏ကောင်းမှုဖြင့် ၁၁၈၄ ခုနှစ်တွင် စတင် ဆောင်လုပ်ခဲ့ပြီး ဆောက်လုပ်ချိန် ငါးနှစ်ခန့် ကြာမြင့်ခဲ့ကာ ၁၁၈၉ ခုနှစ်တွင် မဟာအောင်မြေဘုံစံဟု ကမ္ပည်းထိုး၍ ညောင်ကန်ဆရာတော် ဦးဗုဓ်ထံ ရေစက်ချ လှူဒါန်းခဲ့ကြောင်း၊ အုတ်ကျောင်း အကျယ်အဝန်းသည် အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေနှင့် အမြင့် ၉၄ ပေရှိကာ အင်းဝခေတ်ငွေ ကျပ်သုံးသိန်း ကုန်ကျကြောင်း၊ သက္ကရာဇ် ၁၂၀ဝ ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရာ နန်းမတော် မယ်နု၏ သမီးတော် ဆင်ဖြူမရှင်က သက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် ထပ်မံ ပြုပြင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

M-05



FOLLOW US