News

POST TAGGED AS

ပုဂံ

25-Aug-2016

ပုဂံ
ပုဂံမြေက လမိုက်ည
“ဖုန်လုံးကြီးတွေက လုံးခနဲ အပေါ်ကို တက်လာတာ မြင်လိုက်ရတော့ ဟာ သွားပြီဆိုပြီး တွေးမိတယ်”ဟု ပြာသာဒ်ကြီး ဘုရားတွင် ဈေးရောင်းချသည့် ကိုသိန်းစိုးက သူ တွေ့မြင်ရသည်ကို ပြန်လည် ပြောပြသည်။ 

“ကျွန်တော်တို့ အသည်းနှလုံးထဲက အထွတ်အမြတ်ထားတဲ့ ဘုရားစေတီတွေပဲလေ၊ အဲဒီလို မြင်လိုက်ရတော့ ရုတ်တရက် ဝမ်းနည်းမိတယ်”ဟု ဘုရားအနီး သူ ဈေးရောင်းချသည့် နေရာမှ လှမ်းမြင်နေရသည့် စူဠာမဏိ ပုထိုးတော်ကြီး၏ ပြိုကျနေသည့် ပုံသဏ္ဌာန်ကို ကြည့်ရင်း သူက ကြေကွဲစွာ ပြောဆိုသည်။ 

သူ ဈေးရောင်းချနေသည့် ပြာသာဒ်ကြီးဘုရားမှာ ထိပ်ပိုင်း ထိခိုက်မှု အနည်းငယ် ရှိခဲ့သော်လည်း စူဠာမဏိလောက် မရှိ။ ငလျင်ဒဏ်ကို အနည်းငယ် ခံနိုင်သည်ဟု ဆိုရမည်။ 

“ပထမတစ်ချက်က အပေါ်ကို တက်လာတယ်။ နောက်တစ်ချက်က အောက်ကို ပြန်နိမ့်ဆင်းသွားတယ်”ဟု ပြောလာသူက အသက် ၆၅ နှစ်အရွယ်ရှိ ပုဂံ မြင်းကပါ အရပ်မှ အဘ ဦးစံလှိုင် ဖြစ်သည်။ 

“အဲဒီလို အထက်အောက် လှုပ်ပြီးတော့ ဘယ် ညာ ထပ်ယိမ်းတယ်၊ ငလျင် ရပ်သွားချိန်မှာတောင် အရှိန်က မသေသေးဘူး”ဟု ကိုယ်ကို ယိမ်းထိုးဟန် ပြု၍ သူက ဆက်ပြောသည်။ 

ပျက်စီးခဲ့ရာတွင် အပါအဝင် ဖြစ်သည့် ရွှေစေတီဘုရား ဂေါပကဥက္ကဋ္ဌလည်းဖြစ်သော ပုဂံ ဒေသခံ ဦးစံလှိုင်မှာ သူ့သက်တမ်း တစ်လျှောက်တွင် ဆိုးဝါးလှသည့် ငလျင်ဘေးဒဏ်ကို နှစ်ကြိမ်မြောက် ခံရခြင်းဖြစ်သည်ဟု ဆိုသည်။ 

“အဲဒီအချိန် အဘက အာနန္ဒာဘုရားမှာ ရောက်နေတာ၊ ယိမ်းထိုးလာတော့ လူတွေဆိုတာကလည်း ရုတ်ရုတ်သဲသဲ ပြေးကြလွှားကြပေါ့”ဟု ဦးစံလှိုင်က ပြန်လည် ပြောပြသည်။ 

ယခုငလျင်မှာ မည်မျှ ဆိုးဝါးခဲ့သည်ဆိုလျှင် ခေါင်းမူးလာသဖြင့် အနီးရှိ တိုင်ကို ဖက်တွယ် ထားရသည်အထိ ဖြစ်ခဲ့ရသည်ဟု မနူဟာ ဘုရားကြီးတွင် ဈေးရောင်းချသည့် အသက် ငါးဆယ်ကျော်အရွယ် အမေချောက ပြောသည်။ 

အဘ ဦးစံလှိုင်နှင့် အမေချောတို့ ကဲ့သို့ပင် ပုဂံဒေသ တစ်ခုလုံးရှိ ဒေသခံတို့မှာ ငလျင်ဒဏ်ကို သိသိသာသာ ခံစားလိုက်ရပြီး နေအိမ်များ ပျက်စီးမှု မရှိခဲ့သော်လည်း မြန်မာတို့၏ အသည်းနှလုံးဟု တင်စား ခံထားရသည့် စေတီပုထိုး များစွာ ပျက်စီးသွားခဲ့ရမှုက သူတို့အတွက် အတိုင်းအဆ မရှိ ကြေကွဲစရာ ဖြစ်ခဲ့ရသည်။ 

“မြေကြီးတွေက လှုပ်လှုပ်ရွေ့နေတာ၊ ရေတွင်းက ရေတွေကလည်း လျှံထွက်လာတယ်။ တော်တော် ထိတ်လန့်ဖို့ ကောင်းတယ်”ဟု မင်းနန်သူ ကျေးရွာမှ တောင်သူမကြီး တစ်ဦးက သူကြုံတွေ့ခဲ့ရပုံကို ပြောပြသည်။ 

၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက် ညနေ ၅ နာရီ ၅ မိနစ်အချိန်ခန့်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အား ၆ ဒသမ ၈ ရက်ခ်ျတာ စကေး အဆင့်ရှိ ငလျင်ကြောင့် ပုဂံဒေသရှိ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး များစွာ ပြိုကျ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ 

သြဂုတ်လ ၂၅ ရက် နံနက်ပိုင်းအထိ ပြိုကျ ပျက်စီးမှုမှာ စူဠာမဏိ၊ ဓမ္မရံကြီး၊ အာနန္ဒာ၊ လောက နန္ဒာ၊ တရုတ်ပြေးစေတီ၊ လောကထိပ်ပန်၊ မြောက်ဂူနီ၊ ထီးလိုမင်းလိုစသည့် စေတီဘုရားများ အပါအဝင် စုစုပေါင်း ၁၈၇ ဆူဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။ 

ပြည်ပဧည့်သည်များအကြား ကြွားကြွားဝင့်ဝင့် ရပ်တည်ခဲ့သည့် မြန်မာတို့၏ အသည်းနှလုံး နေရာမှာ မဟာပထဝီ တစ်ချက် အလှုပ်တွင် အပြောင်းအလဲ များစွာ ဖြစ်ပေါ်ခဲ့ပြီဖြစ်သည်။ 

သို့သော် ယင်းကဲ့သို့ ထိခိုက် ပျက်စီးမှုများတွင် မူရင်း ၁၁ ရာစု၊ ၁၂ ရာစုက လက်ရာများ မပါဘဲ ပြန်လည် ပြင်ဆင်ထားသည့် အပေါ်ဘက် အခြမ်းများသာ ဖြစ်ကြောင်း ပုဂံချစ်သူများအဖွဲ့ ဥက္ကဋ္ဌ ကိုမင်းနိုင်အောင်က ပြောကြားသည်။ 

“ငလျင် မလှုပ်ခင်က တက်ခွင့်ပေးထားတဲ့ ဘုရားတွေအကုန် အခု ယာယီ ပိတ်လိုက်တယ်။ ဘယ် ဘုရားမှ တက်ခွင့် မပေးတော့ဘူး။ ထပ်မံပြီး ပြိုကျမှာ စိုးလို့ပါ။ ပြင်ပကနေတော့ ကြည့်ရှုလို့ရတယ်”ဟု ပြည်တွင်းပြည်ပ ဘုရားဖူးများ အများဆုံး လာရောက်၍ နေဝင်ချိန် ကြည့်ရှုရန် တက်ရောက်ကြသည့် ပြာသာဒ်ကြီးဘုရား တာဝန်ခံက ရှင်းပြသည်။ 

ထိခိုက်မှု ကြီးမားသည့် စေတီများတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး ယူထားလျက် စေတီပုထိုးများအတွင်း မဝင်ရောက်ကြရန် တားမြစ်ပေးထားကြသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိခိုက် ပျက်စီးခဲ့သည့် စေတီပုထိုးများကို အလျင်စလို မပြုပြင်ဘဲ ယူနက်စကိုကဲ့သို့ အဖွဲ့အစည်းများထံမှ နည်းပညာ အကူအညီများ ရယူကာ သေချာ စီမံပြီးမှ World Plan အဖြစ်နှင့် သေသေချာချာ ပြုပြင်ကြရန် စကားပါးထားသည်။ 

ယင်းစကားကို ပုဂံချစ်သူများအဖွဲ့ကလည်း ထောက်ခံသည်။ 

ပြင်ဆင်မှုအပိုင်းတွင် ရှေးဟောင်းသုတေသန ဌာနတစ်ခုတည်းနှင့် မပြီးဘဲ ဒေသခံအဖွဲ့အစည်းများ နှင့်ပါ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ထိုအဖွဲ့က ဆိုသည်။ 

“စနစ်တကျ ပြင်စေချင်ပါတယ်။ ပြင်ရင်လည်း ပန်းရန်ဆရာနဲ့ပဲ မပြင်သင့်ပါဘူး။ တကယ်နားလည် တတ်ကျွမ်းတဲ့ သူတွေနဲ့ ပြင်သင့်တယ်”ဟု ကိုမင်းနိုင်အောင်က ပြောသည်။ 

လက်ရှိ စေတနာရှင် ပုဂံချစ်မြတ်နိုးသူများ၏ စေတီပုထိုး ပျက်စီးမှုများ ရှင်းလင်းပေးမှုကို ကျေးဇူးတင်သော်လည်း စေတီပုထိုး အဆောင်အယောင်များ  ပျောက်ပျက် သွားနိုင်သဖြင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ မပါဘဲ ရှင်းလင်းခြင်း မပြုရန် လိုအပ်သည်ဟု မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ကလည်း အကြံပြု ပြောဆိုသည်။ 

ယခုမူ ပထမမြန်မာနိုင်ငံ တည်ထောင်ကတည်းကပင် လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဟူသော စကားရပ်နှင့်အညီ လေးသိန်း လေးသောင်း ကျော်သော စေတီပုထိုးတို့က အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးကုန်ပြီ ဖြစ်သည်။ 

သဘာဝ၏ ဘေးဒဏ်၊ ဝိသမ လောဘသမားများ၏ ဘေးဒဏ်တို့ကြောင့် နှစ်ပေါင်း များစွာ အချိန်ယူကာ တည်ဆောက်လာခဲ့ရသည့် အသည်းနှလုံးတို့က တတိတိ ဆုံးရှုံးနေရပြီ ဖြစ်သည်။ 

ငလျင် လှုပ်ခတ်သွားသည့် အချိန်က သုံးမိနစ်ခန့်၊ သို့သော် ထိုခဏအတွင်းမှာပင် မြန်မာတို့၏ အသည်းနှလုံး ပုဂံမြေမှာ သာခဲ့တဲ့ လကတော့ တိမ်ဆိုးတို့ ဖုံးအုပ်ခဲ့ပြီ၊ မြန်မာတို့ စိတ်နှလုံးကို ညှိုးနွမ်း စေခဲ့လေပြီ။ 

မြတ်(ကလေး)၊  နေလင်းဖြူ

  • VIA


FOLLOW US