News

POST TAGGED AS

ပါလက်စတိုင်း

ကင်ညာနှင့် အမေရိကန်သမ္မတနှစ်ဦး ဂုဏ်သတင်းမြှင့်တင်ရန် နှစ်ဖက်ကြိုးပမ်း


ဝါရှင်တန်၊ ဩဂုတ် ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်ညာသမ္မတ ကင်ယက်တာတို့အကြား တွေ့ဆုံမှုသည် သင်္ကေတသဘောသာဖြစ်သော်လည်း အနည်းဆုံးခေါင်းဆောင်နှစ်ဦးစလုံး၏ ရေတိုအကျိုးစီးပွားကို ဖြည့်ဆည်းပေးနိုင်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

သမ္မတကင်ယက်တာ၏ လက်ထောက်များသည် ဝါရှင်တန်ခရီးစဉ်၏ အောင်မြင်မှုကိုကြေညာရာတွင် အချိန်ဖြုန်းခြင်း မရှိကြပေ။ ဝါရှင်တန်ခရီးစဉ် မပြီးဆုံးခင်မှာပင် သမ္မတကင်ယက်တာသည် အခြေခံအဆောက်အဦစီမံကိန်းများနှင့်သက်ဆိုင်သော ဒေါ်လာသန်း ၂၀၀ ကျော် တန်ဖိုးရှိသည့် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ကြသည်။

သဘောတူစာချုပ်များကို မြန်မြန်ဆန်ဆန် လက်မှတ်ရေးထိုးခဲ့ခြင်းသည် ကင်ယက်တာ၏ ဝါရှင်တန်ခရီးစဉ် အဓိက ရည်မှန်းချက်တစ်ခုဖြစ်သည်။ 

ကင်ယက်တာသည် ကမ္ဘာ့ အင်အားကြီးလက်တွဲဖော်များနှင့် စီးပွားရေးဆက်ဆံမှု အားကောင်းစေရန်ရည်ရွယ်သော ၎င်း၏ နိုင်ငံတကာခရီးစဉ်တွင် အမေရိကသို့ ပထမဆုံး ဝင်ရောက်လာခြင်းဖြစ်ပြီး ယခု သီတင်းပတ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေထံ သွားရောက်တွေ့ဆုံရန် စီစဉ်ထားသည်။

ကင်ယက်တာ၏ ဒုတိယရည်မှန်းချက်မှာ ထရမ့်အတွက် အကျိုးတူကိစ္စရပ်တစ်ခုဖြစ်သည့် အမေရိကန် - ကင်ညာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု (အထူးသဖြင့် အကြမ်းဖက်ဝါဒ နှိမ်နင်းမှု) မြှင့်တင်ရန်ဖြစ်ပြီး ကင်ညာသည် ဆိုမာလီအခြေစိုက် အယ်လ်ရှာဘက်စစ်သွေးကြွအုပ်စုကို နှိမ်နင်းရေးတွင် အရေးပါသော ပလေယာဖြစ်သည်ဟု ဝါရှင်တန်က ရှုမြင်ထားသည်။

တွေ့ဆုံမှုမတိုင်မီနှင့် တွေ့ဆုံနေစဉ်အတွင်း နှစ်ဖက်စလုံးက ကုန်သွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို ရှေ့တန်းတင်ပြောဆိုနေသော်လည်း ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိကြောင်း ဝါရှင်တန် နိုင်ငံခြားဆက်ဆံရေးကောင်စီ အာဖရိက မူဝါဒလေ့လာရေးအစီအစဉ်မှ ဂျွန်ကင်းဘဲလ်က ပြောကြားသည်။

ယခုခရီးစဉ်သည် နှစ်ဖက်စလုံးအတွက် နိုင်ငံတကာပုံရိပ်မြှင့်တင်ရေး ရှုထောင့်အရ အရေးကြီးသည်ဟု ကင်းဘဲလ်က သုံးသပ်သည်။ ကင်ယက်တာအနေနှင့် ပြည်တွင်းစစ်ကို ဦးတည်စေခဲ့သော မနှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲပြဿနာများကြောင့် ကျဆင်းနေသော ၎င်း၏ ဂုဏ်သတင်းကို အဖတ်ဆယ်ရန် အရေးကြီးနေသည်ဟု ၎င်းကဆိုသည်။

ထရမ့်အစိုးရ အနေနှင့်လည်း ကမ္ဘာတွင် အလွန်အရေးကြီးသည့် ဒေသဖြစ်သော အာဖရိကကို လျစ်လျူရှုထားသည်ဟု ပြစ်တင်ဝေဖန်ခံနေရသောကြောင့် ယခုကဲ့သို့ ကင်ညာသမ္မတနှင့် တွေ့ဆုံမှုသည် အလွန်အရေးပါသည်ဟု ဝီဘာပြည်နယ် တက္ကသိုလ်မှ အာဖရိကရေးရာ ကျွမ်းကျင်သူ ဂျွန်မူခန်အမ်ဘာကူက မှတ်ချက်ပေးသည်။

ကင်ယက်တာနှင့် ထရမ့် တွေ့ဆုံသည့်အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် Financial Times သတင်းစာက ထရမ့်သည် ဧပြီလက နိုင်ဂျီးရီးယားခေါင်းဆောင် မူဟာမာဒူဘူဟာရီနှင့် တွေ့ဆုံပြီးနောက်တွင် ဘူဟာရီကို အသက်ကင်းမဲ့သူဟု သတ်မှတ်ပြောဆိုခဲ့ကြောင်း ထုတ်ဖော်ရေးသားခဲ့သည်။

ထို့ပြင် ထရမ့်သည် ယခုနှစ်အစောပိုင်းကလည်း လူဝင်မှုဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ ပြောကြားရာတွင် အာဖရိက နိုင်ငံတစ်ခုအပါအဝင် နိုင်ငံအချို့ကို “ချီးတွင်းနိုင်ငံတွေ” ဟု ခေါ်ဝေါ်ခဲ့ဖူးသေးသည်။

F-04



FOLLOW US