News

POST TAGGED AS

ပါတီ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟို အလုပ်အမှုဆောင်များ နုတ်ထွက်မည်
မော်လမြိုင်၊ မတ် ၉  

မွန်နိုင်ငံရေးပါတီ တစ်ခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်နှင့် ဗဟိုကော်မတီ အဖွဲ့ဝင်အချို့ ပါတီမှ နုတ်ထွက်မည်ဖြစ်ကြောင်း နုတ်ထွက်မည့်သူများထံမှ သိရသည်။

မွန်ပြည်သူများ လိုလားသော မွန်ပါတီများ ပေါင်းစည်း ညီညွတ်ရေးကို မဖော်ဆောင်သည့်အတွက် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း၊ ပါတီမှ နှုတ်ထွက်ရန်   ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးလည်း ပါဝင်ကြောင်း၊ မိမိတို့ ပါတီဝင်နှစ်ဦးမှ ဆုံးဖြတ်ချက် ချထားပြီး မိမိတို့၏ ခံယူချက် သဘောထားကိုလည်း ကြေညာထားပြီးဖြစ်ကြောင်း၊ ဗဟိုကော် မတီအချို့နှင့်အတူ မြို့နယ် ပါတီဝင်အချို့လည်း နုတ်ထွက်ရန် အစီအစဉ်ရှိကြောင်း ပါတီမှ နုတ်ထွက်မည့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောက်စာက ပြောကြားသည်။

“ကိုယ့်အချင်းချင်း မညီညွတ်ဘူးဆိုရင် အနာဂတ်အတွက် ဘာမှ မျှော်လင့်လို့ မရတော့ဘူး၊ ညီညွတ်မှုမရှိရင် နိုင်ငံရေးလုပ်ငန်းကို ဘယ်လိုလုပ်လုပ် ထူးခြားလာမှာ မဟုတ်ဘူး၊ ကြားဖြတ် ရွေးကောက်ပွဲပြီးရင် နုတ်ထွက်စာ တင်မယ်”ဟု ၎င်းက ထောက်ပြသည်။

ပါတီမှ နှုတ်ထွက်မည့် ပါဝင်နှစ်ဦးက မွန်နိုင်ငံရေး ပါတီတစ်ခု အနေနှင့် မွန်ပြည်သူများ၏ အသံကို နားမထောင်ပါက ယင်းပါတီတွင် ဆက်လက် တာဝန်ထမ်းရန် မရှိကြောင်း၊ မွန်ပြည်သူများ တောင်းဆိုသော မွန်တစ်ပါတီ ပေါ်ထွန်းရေးကို မွန်လူမျိုးများ၊ ပေါင်းစည်း ညှိနှိုင်းရေးအဖွဲ့နှင့် လက်တွဲ အကောင်အထည် ဖော်ဆောင်ရန် လိုအပ်ကြောင်း၊  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တာဝန်ယူထားသည်များကို ရပ်နားကာ မကြာမီ နုတ်ထွက်စာ တင်မည်ဖြစ်ကြောင်း၊ မွန်နိုင်ငံရေးပါတီ ပေါင်းစည်း ညီညွတ်ရေးကို လိုလားစိတ် ဝင်စားသူများ ဆက်သွယ်နိုင်ပါကြောင်း ကြေညာထားသည်။

ပါတီမှ နုတ်ထွက်မှုနှင့် ပတ်သက်၍ “မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ မွန်တစ်ပါတီထဲ ရှိရေးပေါ့၊ မွန်လူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ပါတီက တစ်ခုထဲပဲ ရှိသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့၊ ဒီပါတီတွေကြောင့်ပဲ မွန်လူမျိုးကြားမှာရော၊ လူငယ်တွေကြားမှာပါ အက်ကွဲကြောင်းတွေ ဖြစ်လာတယ်၊ သွေးစည်း ညီညွတ်မှုတွေ ပြိုကွဲစေတယ်၊ ဒါကြောင့် ကျွန်တော်တို့ ပါတီပေါင်းစည်းရေးကို ကြည့်ရမယ်”ဟု ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောကြားသည်။ 

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီအနေနှင့် ပါတီ ဗဟိုရုံးချုပ်တွင် ပါတီ ပေါင်းစည်းရေး လမ်းပြမြေပုံကို ရေးဆွဲထားခဲ့သော်လည်း လက်တွေ့ကျကျ အကောင်အထည်ဖော်မှု မရှိကြောင်း၊ ဗဟိုကော်မတီဝင်များ အနေနှင့် ပါတီခေါင်းဆောင်များကို အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ပါတီဘက်မှ ညှိနှိုင်း ပေါင်းစည်းရေး အဖွဲ့ကို လက်မခံနိုင်သည့် အကြောင်းပြချက် အမျိုးမျိုးကြောင့် ယခုအချိန်ထိ ပေါင်းစည်းရေး မဖြစ်လာနိုင်ကြောင်း၊ ဒေါက်တာ အောင်နိုင်ဦးက ရှင်းပြခဲ့သည်။

“ပေါင်းစည်းရေးကို ဆွေးနွေးပါ သွားပါ၊ နောက်ဆုံး ပေါင်းစည်းရေးကို လုံးဝ မလုပ်နိုင်ဘူးဆိုရင်တော့ ဒီပါတီနှစ်ခုလုံးကို ဘယ်ပါတီမှ ထောက်ခံအားပေးမှာ မဟုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ကျွန်တော်တို့ ချောင်းဆုံးမြို့နယ်မှာ ထွက်လာတယ်”ဟု ၎င်းက ဆက်ပြောသေည်။ 

မွန်နှစ်ပါတီ ပေါင်းစည်းရေးနှင့် ပတ်သက်၍ မတ်လ ၄ ရက်က ပြုလုပ်သည့် ပါတီပေါင်းစည်း ညှိနှိုင်းရေး အစည်းအဝေးတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် ညှိနှိုင်ရေးအဖွဲ့ကို လက်မခံနိုင် အသိအမှတ် မပြုနိုင်သည့်အတွက် မိမိတို့ ညှိနှိုင်းရေးအဖွဲ့ အနေနှင့် ယင်းပါတီကို ရှေ့ဆက်တွင် ဖိတ်ကြားတော့ မဟုတ်ကြောင်း၊ မွန်နိုင်ငံရေးပါတီ ညီညွတ်ရေးကို လက်ခံနိုင်သူများကိုသာ ဖိတ်ကြားကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပေါင်းစည်း ညှိနှိုင်းရေး အတွင်းရေးမှူး နိုင်ဝင်းလှက ပြောဆိုထားသည်။ 

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ဗဟို အလုပ်အမှုဆောင် ၂ ဦးနှင့် ဗဟို ကော်မတီဝင် တစ်ဦးတို့က နုတ်ထွက်မည်ဖြစ်ကြောင်း၊ ပါတီတွင် ဗဟိုအလုပ် အမှုဆောင် ၂၂ ဦးနှင့် ဗဟိုကော်မတီဝင်  ၅၀ ကျော် ရှိကြောင်း ယင်းပါတီထံမှ သိရသည်။ 



FOLLOW US