News

POST TAGGED AS

ပါတီ

သိန်း ၁၀၀၀ ကျော်ရလိုမှုဖြင့် တရားစွဲမှု မွန်ပြည်နယ်ကြံ့ခိုင်ရေးပါတီ လျော်မည်မဟုတ်ဟုဆို
မော်လမြိုင်၊ ဇူလိုင် ၇ 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်နယ်ပါတီအတွင်းရေးမှူးဟောင်း ဦးသန့်ဇင်တို့ကို  Mytel Group ဖုန်းကုမ္ပဏီက ကျပ်သိန်း ၁၁၀၀ ကျော်ရလိုမှုဖြင့် တရားစွဲဆိုမှုအပေါ် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအနေနှင့် ပေးလျော်မည်မဟုတ်ကြောင်း ယင်းပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောသည်။ 

အဆိုပါ တရားစွဲဆိုမှုကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆိုထားသဖြင့် မွန်ပြည်နယ် USDP ပါတီမှ လက်ရှိအတွင်းရေးမှူး ဦးဝင်းမော်ဦးက ဇူလိုင်လ ၃ ရက်၌ တရားရုံးသို့ သွားရောက်ခဲ့သော်လည်း တရားပြိုင်ဖြစ်သူ ဦးသန့်ဇင်က လာရောက်ခြင်းမရှိကြောင်း ၎င်းထံမှသိရသည်။ 

“ဦးတို့ကျတော့ ပါတီအနေနဲ့ သူတို့ စွပ်စွဲခံရတဲ့အထဲမှာပါတယ်၊ ဘာပဲဖြစ်ဖြစ် ဥပဒေအရ ရင်ဆိုင်ရမယ့် တာဝန်က ပါတီမှာလည်းရှိတယ်၊ သွားတယ်ဆိုတာက ကိုယ့်ပါတီဘက်က လိပ်ပြာသန့်လို့သွားတယ်၊ ဒီအမှုကို အဆုံးထိ တရားရင်ဆိုင်သွားမယ်၊ ဒါပေမဲ့ သိန်းတစ်ထောင့်တစ်ရာကျော်ကိုတော့ ပါတီက လျော်ပေးမှာ မဟုတ်ဘူး”ဟု ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောသည်။ 

စီးပွားရေးတစ်ခုကို ပါတီအနေနှင့် လုပ်ဆောင်မည်ဆိုပါက ရရှိလာသည့် အမြတ်ငွေ၊ ဖြစ်ပေါ်လာမည့် အရှုံးငွေများအားလုံး၏ စာရင်းအဝင်အထွက်မှာ လစဉ်ပါတီစာရင်းရှင်းတမ်းတွင် ရှိနေရမည်ဖြစ်သော်လည်း ယင်းစာရင်းမရှိကြောင်း ၎င်းထံမှသိရသည်။ 

“တရားလိုကတော့ စွပ်စွဲတယ်ဆိုတာ စွပ်စွဲပိုင်ခွင့်က သူတို့ရဲ့အခွင့်အရေးပါ၊ ဒီအဖွဲ့အစည်းကိုထည့်ပြီး စွပ်စွဲတယ်ဆိုတာ သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ ဒါတော့ဖော်ထုတ်ရမယ်၊ ပါတီကနေရင်းထိုင်ရင်း သိက္ခာကျတယ်၊ တကယ်သာပါတီက အကြွေးကျန်နေတယ်ဆိုရင် ဒီလောက်အထိတောင်မလိုဘူး ပါတီကရှင်းမှာ၊ ဒါပေမဲ့ ပါတီနဲ့မဆိုင်လို့သာ တကယ်လို့ သွားစရာမလိုဘူးဆိုရင် ဥပဒေနဲ့မညီဘူး၊ ဥပဒေနဲ့အညီစွဲရင် ဥပဒေနဲ့အညီရှင်းရမယ်”ဟု ဦးဝင်းမော်ဦးက ပြောသည်။ 

ပြည်နယ်ပါတီအတွင်းရေးမှူးဟောင်း ဦးသန့်ဇင်ကို Mytel Group ကုမ္ပဏီမှ ဟန်းဆက်ဖိုးငွေကျပ် သိန်းတစ်ထောင့်တစ်ရာ တစ်ဆယ့်ခုနစ်သိန်းသုံးသောင်း ရလိုမှုဖြင့် ကုမ္ပဏီမှ တာဝန်ပေးအပ်ခြင်းခံရသူ တရားလို ဒေါ်နီလာချိုက တရားစွဲဆိုထားသည့်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး၌ ဇူလိုင်လ ၃ ရက်တွင် ငြင်းချက်ထုတ်ရန် ဆင့်ခေါ်စာကို သတင်းစာမှတစ်ဆင့် ကြေညာခဲ့သည်။ 

တရားစွဲခံထားရသူ ဦးသန့်ဇင်မှာ ၂၀၁၆ ခုနှစ်ကတည်းကပင် ပါတီအလုပ် အမှုဆောင်ကော်မတီ ပြန်လည်ရွေးချယ်ပြီးနောက် ပါတီမှနုတ်ထွက်သွားကြောင်း၊ ထိုအချိန်မှစ၍ ၎င်းနှင့်ဆက်သွယ်ပြတ် တောက်ခဲ့ကြောင်း ပြည်နယ် USDP ပါတီထံမှသိရသည်။ 

R-21



FOLLOW US