News

POST TAGGED AS

ပါတီ

မွန်ပါတီအမည်သစ်ကို ပြည်သူလူထုထံ တောင်းခံမည်


မော်လမြိုင်၊ ဇွန် ၃၀

မွန်နိုင်ငံရေးပါတီများဖြစ်သော မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့၏ နှစ်ပါတီ ပေါင်းစည်းဆွေးနွေးမှု နောက်ဆုံးအခြေအနေရောက်ရှိနေပြီး ပါတီပေါင်းစည်းပြီးနောက် ပါတီအမည်သစ်ရွေးရာတွင် ပြည်သူလူထုထံ အကြံဉာဏ်တောင်းခံမည်ဖြစ်ကြောင်း ယင်းပါတီများထံမှသိရသည်။ 

“ပါတီရဲ့အမည်သစ်ကို ပြည်သူလူထုတွေဆီကနေ တောင်းဆိုပြီးတော့ ရလာတဲ့အမည်သစ်ကို သုံးသပ်ပြီး ဇူလိုင် ၂၁ ရက်နေ့မှာ အတည်ပြုပြီး ကြေညာသွားမယ်၊ နာမည်သစ်အနေနဲ့ကတော့ ပြည်သူတွေရဲ့ ဆန္ဒကိုလည်း ပါစေချင်တယ်၊ အကြံဉာဏ်တွေကို ကျွန်တော်တို့ ရယူသွားမှာပါ”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တွဲဖက်အတွင်းရေးမှူး နိုင်စံတင်က ပြောဆိုသည်။

ပြည်သူလူထုထံမှ ပါတီအမည်သစ် တောင်းဆိုရာတွင် လူမှုကွန်ရက်မှတစ်ဆင့်လည်းကောင်း၊ အောက်ခြေရှိ ပါတီအဖွဲ့ဝင်များထံမှလည်းကောင်း၊ ပြည်သူများထံမှလည်းကောင်း၊ အကြံပြုချက်တောင်းခံမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

နှစ်ပါတီပေါင်းစည်းရေးနှင့်ပတ်သက်၍ ဇွန်လ ၃၀ ရက်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရုံးတွင် တတိယအကြိမ်အဖြစ် ကျန်ရှိနေသည့် တာဝန်ခွဲဝေမှုအပိုင်းနှင့် အမည်သစ် ရွေးချယ်မှုအပိုင်းတို့ကို ဆွေးနွေးခဲ့ကြောင်း၊ ယင်းကိစ္စများမှာ မူဘောင်တစ်ခုကို သဘောတူထားပြီးဖြစ်ရာ ပါတီပေါင်းစည်းရေးအတွက် ၉၅ ရာခိုင်နှုန်း သေချာနေကြောင်း ၊ မွန်လူထု တစ်ရပ်လုံးမှ လိုလာတောင်းဆိုနေသော နှစ်ပါတီပေါင်းစည်းရေး မျှော်လင့်ချက်မှာ ဇူလိုင်လ ၂၁ ရက်တွင် ပြည့်ဝရလိမ့်မည်ဖြစ်ကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမးက ပြောကြားသည်။

“ပါတီအမည်သစ်ရော ပါတီခေါင်းဆောင်ရော၊ အလုပ်အမှုဆောင်တွေရော နာမည်စာရင်းတွေနဲ့ကို ထွက်လာတော့မှာပါ၊ ကျန်တဲ့အပိုင်းကတော့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေအရ ပါတီသစ်ကို သက်ဆိုင်ရာကော်မတီက လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လုပ်သွားဖို့ပဲ ကျန်တော့မယ်”ဟု ၎င်းက ပြောဆိုသည်။

မွန်နှစ်ပါတီပူးပေါင်း၍ ပါတီအမည် သစ်ရရှိလာပါက ပါတီအလံ၊ ပါတီတံဆိပ်နှင့် ပါတီအခြေခံဥပဒေတို့ကို ပြန်လည် ပူးပေါင်းရေးဆွဲရမည်ဖြစ်ကြောင်း၊ ပါတီပူးပေါင်းလိုက်ခြင်းဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲနိုင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထု၏အပေါ်တွင် မူတည်သွားမည်ဖြစ်ကြောင်း ထိုပါတီများထံမှသိရသည်။ 

ဇူလိုင်လ ၂၁ ရက်၌ နှစ်ပါတီ ပေါင်းစည်းရေး အပြီးသတ်ဆွေးနွေးပွဲကို မော်လမြိုင်မြို့ရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီရုံးတွင် ကျင်းပမည်ဖြစ်သည်။ 

 




FOLLOW US