News

POST TAGGED AS

ပါတီ

မွန်နိုင်ငံရေးပါတီနှစ်ခု ပူးပေါင်းရန် ၈၀ ရာခိုင်နှုန်း သေချာဟုဆို
မော်လမြိုင်၊ ဇွန် ၂၈ 

မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှစ်ပါတီတို့၏ ပါတီပေါင်းစည်းရေး ဆွေးနွေးချက်အရ ပါတီပေါင်းစည်းရန် ၈၀ ရာခိုင်နှုန်းခန့် သေချာနေကြောင်း ယင်းပါတီများထံမှ သိရသည်။ 

မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှစ်ပါတီ ပေါင်းစည်းရေးအတွက် နှစ်ပါတီမှ ကိုယ်စားလှယ်များ အပတ်စဉ် တွေ့ဆုံဆွေးနွေးလျက်ရှိရာ ယခုမှာ နောက်ဆုံးအဆင့်ဖြစ်သည့် ပါတီဗဟိုကော်မတီဝင်များ၊ ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီများ ပူးပေါင်းမည့် အဆင့်သို့ ရောက်ရှိနေကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တွဲဖက်အတွင်းရေးမှူး နိုင်စံတင်က ပြောသည်။ 

မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမးက “အခုလက်ရှိ ကျန်နေတဲ့အချက်ကတော့ တာဝန်ခွဲဝေမှုအပိုင်းကို ဆွေးနွေးဖို့ပဲ ကျန်တော့တယ်၊ လာမယ့် ၃၀ ရက်နေ့မှာ ဒီကိစ္စကို ဆွေးနွေးသွားမယ်၊ ဒီအချက်ကလည်း အခက်အခဲဖြစ်နိုင်မယ့် အချက်မဟုတ်ဘူး၊ နှစ်ဖက်သဘောတူနိုင်ကြမယ်လို့ မျှော်လင့်တယ်”ဟု ပြောသည်။ 

ဇွန်လ ၃၀ ရက်နေ့တွင် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ထပ်မံတွေ့ဆုံမည်ဖြစ်ရာ ထိုတွေ့ဆုံမှုတွင် တာဝန်ခွဲဝေရေးဆိုင်ရာ အချက်ဖြစ်သည့် ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးစသည့် တာဝန်ယူမည့်သူများကို ရွေးချယ်မည်ဖြစ်ကြောင်း၊ ယင်းနောက် ပါတီအမည်သစ်တစ်ခုကို ထပ်မံရွေးချယ်ကာ နှစ်ပါတီ ပေါင်းစည်းသွားမည်ဖြစ်ကြောင်း နိုင်လယီတမးက ရှင်းပြသည်။

“ပါတီ နာမည်သစ်ရွေးပြီးရင်တော့ လက်ရှိ ပါတီနှစ်ခုစလုံးကို တရားဝင်ဖျက်သိမ်းပြီး ပါတီနာမည်အသစ်နဲ့ မှတ်ပုံတင်သွားမယ်၊ အဲဒါကတော့ အချိန်နည်းနည်းလိုလိမ့်မယ်၊ အောက်ခြေက ပါတီဝင်တွေရဲ့ သဘောဆန္ဒ၊ ပါတီဝင်တွေကို ထပ်မံရှင်းပြပြီး သဘောထားခံယူရဦးမှာပါ၊ ထိပ်ပိုင်းကလူတွေပဲ လုပ်နေလို့မရပါဘူး”ဟု ၎င်းက ပြောသည်။

 နှစ်ပါတီ ပေါင်းစည်းမှု ပြုလုပ်ပြီး အမည်သစ်ရွေးချယ်ပြီးပါက ပါတီဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ရေးဆွဲရမည်ဖြစ်ကြောင်း၊ ပြီးမှသာလျှင် တရားဝင်ပါတီ မှတ်ပုံတင်ရမည့်ကိစ္စကို အကောင်အထည်ဖော် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထိုပါတီများထံမှ သိရသည်။ 

မွန်နှစ်ပါတီပေါင်းစည်းရေး ကိစ္စရပ်နှင့်ပတ်သက် မွန်သံဃာတော်များ၊ မွန်ပညာရှင်များ ပူးပေါင်း၍ ပေါင်းစည်းညှိနှိုင်းရေးကို လုပ်ဆောင်လာခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အတွက် မွန်နိုင်ငံရေးညီလာခံကို ကျင်းပခဲ့ရာ ထိုညီလာခံမှ မွန်အမျိုးသားကိုယ်စားပြုပါတီကို တည်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

မွန်နိုင်ငံရေးပါတီ နှစ်ပါတီပူးပေါင်းပြီး မိမိတို့တတိယအင်အားစုဖြစ်သည့် (မွန်အမျိုးသားကိုယ်စားပြုပါတီ) တည်ထောင်လိုသူတို့ကို အသိအမှတ်ပြု ဆွေးနွေးလာမည်ဆိုပါက မွန်အမျိုးသားကိုယ်စားပြုပါတီ မှတ်ပုံတင်ခြင်းကို ဆိုင်ငံ့သွားမည်ဖြစ်ကြောင်း ပါတီတည်ထောင်လိုသူများထံမှ သိရသည်။ 

R-21



FOLLOW US