News

POST TAGGED AS

ပါတီ

ပါတီမှ နုတ်ထွက်ခိုင်း၍ ရာထူးကနုတ်ထွက်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးပြော


မော်လမြိုင်၊ မေ ၃၀

ပါတီက ရာထူးမှနုတ်ထွက်ခိုင်း၍ နုတ်ထွက်ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုလက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောကြားသည်။ 

“နုတ်ထွက်တယ်ဆိုတာက အခု ငါတို့ပါတီက လူတွေအများကြီးကို အပြောင်းအလဲတွေလုပ်နေတယ်၊ လိုအပ်ချက်အရ ပါတီကလုပ်တာ၊ ဒီနေရာမှာနေဆိုရင်တို့က နေရမှာပဲ၊ နိုင်ငံရေးလုပ်တယ်ဆိုတော့ ပါတီရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမှာ”ဟု ၎င်းက ပြောသည်။

ပြည်နယ်ဝန်ကြီးအဖြစ်မှ နုတ်ထွက်လိုက်ပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်အနေနှင့် ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ လွှတ်တော်လုပ်ငန်းအပြင် ပါတီစည်းရုံးရေးနှင့် ပါတီလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက်ပါတီကို အားဖြည့်ပေးနိုင်မည့်လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“ပထမကတော့ ကျွန်တော်လည်း သံသယရှိတာပေါ့နော်၊ ဘာလို့လဲဆိုပြီးတော့ လူကြီးတွေကို သွားပြီးမေးတာပေါ့၊ ပါတီရဲ့ လုပ်ငန်းလိုအပ်ချက်ကြောင့် ရွှေ့တာဖြစ်တယ်လို့ ရှင်းပြတယ်၊ ကျွန်တော်ကတော့ ကိုယ့်သားစဉ်မြေဆက် ကိုယ်မဟုတ်တာလုပ်တယ်လို့ အထင်ခံရတာမျိုး အထင်မခံချင်ဘူး၊ လူကြီးတွေကလည်း ဒါကို သူတို့ တာဝန်ယူဖြေရှင်းပေးမယ်ဆိုလို့ ကျွန်တော် သဘောဆန္ဒနဲ့ နုတ်ထွက်စာ တင်လိုက်တာ”ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုလက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်ကို ၎င်း၏သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုသည့် ကြေညာချက်ကို သမ္မတရုံးက မေလ ၃၀ ရက်က ထုတ်ပြန်ခဲ့ပြီး မေလ ၃၀ ရက် ကျင်းပသော မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ သိရှိနိုင်ရန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တရားဝင် ကြေညာခဲ့သည်။

“ပါတီ စည်းကမ်းထိန်းသိမ်းရေးကို သူ့ကိုတိုင်စာတွေ ရောက်တယ်နဲ့တူတယ်၊ အဲဒီတော့ ပါတီစည်းကမ်းထိန်းသိမ်းရေးက သူ့ကိုခေါ်ယူစစ်ဆေးပြီးတော့၊ နောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သူ့ကိုနုတ်ထွက်ခိုင်းတာဖြစ်မယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မွန်ပြည်နယ်) ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က မှတ်ချက်ပေးသည်။

ရာထူးမှ နှုတ်ထွက်သည့် ဝန်ကြီး မင်းထင်အောင်ဟန်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ မော်လမြိုင် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်အရွေးခံခဲ့သူဖြစ်ပြီး၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ်သည်။

လစ်လပ်သွားသော ပြည်နယ်လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးနေရာအတွက် မည်သူ့ကိုခန့်အပ်ရန် လတ်တလော မသိရသေးသော်လည်း ပြင်ပမှ ပညာရှင်တစ်ဦးကို ခန့်အပ်နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

R-21



FOLLOW US