News

POST TAGGED AS

ပါတီ

ကြံ့ခိုင်ရေးပါတီ လူငယ်ညီလာခံ မေလကုန်ကျင်းပမည်


မန္တလေး၊ မေ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လူငယ်ညီလာခံကို မေလ နောက်ဆုံးပတ်အတွင်း နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမ၌ မေလ ၈ ရက်နေ့က ကျင်းပပြုသည့် လူငယ်နှီးနှော ဖလှယ်ပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“လူငယ်အင်အားစုတွေ၊ လူငယ်မျိုးဆက်သစ်တွေဆိုတာ နိုင်ငံတည်ဆောက်ရေးမှာ အရေးကြီးတဲ့အင်အားစုတွေ ဖြစ်ပါတယ်။ တစ်ချိန်မှာ သူတို့သည် နိုင်ငံရေးနယ်ပယ်ထဲကို ရောက်လာမှာပဲ၊ တာဝန်တွေယူတဲ့အချိန်မှာ နိုင်ငံရေးကို စနစ်တကျချဉ်းကပ်နိုင်တဲ့ သူတွေဖြစ်အောင် ညီလာခံလုပ်ပေးတာ။ ရက်အတိအကျကိုတော့ ထုတ်ပြန်ပေးပါမယ်”ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

လူငယ်ညီလာခံတက်ရောက်မည့် ပြည်နယ်နှင့်တိုင်း ကိုယ်စားပြုလူငယ်များကို ရွေးချယ်နိုင်ရန် လူငယ်နှီးနှောဖလှယ်ပွဲများ ကျင်းပလျက်ရှိရာ မန္တလေးတိုင်း လူငယ်နှီးနှောဖလှယ်ပွဲတွင် နိုင်ငံရေး လှုပ်ရှားမှုလူငယ်အဖွဲ့၊ စည်းရုံးရေးလှုပ် ရှားမှုအဖွဲ့၊ လူမှုရေးလှုပ်ရှားမှုအဖွဲ့၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့၊ ပညာရပ်ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့၊ သတင်းမီဒီယာအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ တစ်ဖွဲ့လျှင် လူငယ်ခုနစ်ဦးစီဖြင့် လူငယ်ခေါင်းဆောင် ၄၉ ဦးကို တက်ရောက်လာသည့် လူငယ်များမှ ရွေးချယ်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။

“ဒီလူငယ်တွေက မန္တလးတိုင်းရဲ့ အမာခံလူငယ်တွေ။ ၄၉ ဦးသော ခေါင်းဆောင်တွေအနေနဲ့ မန္တလေးတိုင်း ကိုယ်စားလှယ်များအနေနဲ့ လူငယ်ညီလာခံတက်ရမှာ။ အဲဒီညီလာခံမှာ မျိုးဆက်သစ် လူငယ်ခေါင်ဆောင်တွေ ထပ်ရွေးမှာ”ဟု မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။

လက်ရှိတွင် ပြည်နယ်နှင့်တိုင်းအဆင့် လူငယ်နှီးနှောဖလှယ်ပွဲများကို ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ မန္တလေးတိုင်း လူငယ်နှီးနှောဖလှယ်ပွဲသို့ လူငယ်အင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။  

M-05



FOLLOW US