News

POST TAGGED AS

ပါတီ

NVC ကတ်ထုတ်ပေးကာ လွတ်လပ်စွာသွားလာခွင့်ပေးသည့် အစီအစဉ် ကြံ့ခိုင်ရေးပါတီ ကန့်ကွက်
ရန်ကုန်၊ ဧပြီ ၂၄

နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးကာ လွတ်လပ်စွာ သွားလာခွင့်ပြုမည့် အစိုးရ၏အစီအစဉ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး လွှတ်တော်တွင် အဆိုတင်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၂၄ ရက်က ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (USDP) ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ကိုင်ဆောင်ထားသူအားလုံး မြန်မာတစ်နိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ရခိုင်ပြည်နယ်မှ NVC ကတ်ကိုင်ဆောင်ထားသူများတွင် အကြမ်းဖက် ARSA အဖွဲ့မှ အကြမ်းဖက်များ ပါဝင်လာနိုင်ပြီး တစ်နိုင်ငံလုံး သွားလာခွင့်ပြုခဲ့ပါက စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ပြောကြားသည်။

ထို့ပြင် အဆိုပါကိစ္စရပ်ကို ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားများက တစ်ဆင့်လွှတ်တော်သို့ အဆိုတင်ကာ ကန့်ကွက်သွားရန်လည်း ပြင်ဆင်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“လွတ်လပ်စွာ သွားလာခွင့်ပေးမယ်ဆိုတာ ဘယ်နေရာတွေကိုပြောတာလဲ။ ရခိုင်ဒေသ မောင်တောဒေသလိုမျိုးမှာ လွတ်လပ်စွာ သွားခွင့်ပေးတာ ပြဿနာသိပ်မရှိပေမယ့် တစ်နိုင်ငံလုံး သွားလာခွင့်တော့ မပြုနိုင်ဘူး။ တစ်နိုင်ငံလုံးသွားလာခွင့်ပေးမယ်ဆိုရင် အကြမ်းဖက်သမားတွေပါလာမှာ စိုးရိမ်ရတယ်”ဟု ၎င်းက ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ အဆိုပါကန့်ကွက် ပြောဆိုချက်နှင့်ပတ်သက်၍ ဒေါက်တာဝင်းမြတ်အေးထံ ဆက်သွယ်မေးမြန်းသော်လည်း မအားလပ်သေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

NVC သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူတိုင်းသည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်သည့် ဖြည့်စွက်ရမည့်ပုံစံ (၄) ကို ဖြည့်စွက်ပြီးပါက ယခင်ကန့်သတ်တားမြစ်ထားသည့် အချက်များကို ပယ်ဖျက်၍ လွတ်လပ်စွာသွားလာခွင့် ရရှိသွားမည်ဟု ဒေါက်တာဝင်းမြတ်အေးက ပြောဆိုထားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်ဒုက္ခသည်များ လက်ခံရေးလုပ်ငန်းစဉ်အနေနှင့် မြန်မာအစိုးရဘက်က အဆင်သင့်ဖြစ်နေကြောင်း ၎င်းက ပြောကြားသည်။

NVC သက်သေခံကတ် ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကို ၂၀၁၅ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ဝှိုက်ကတ် ခေါ် ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်ထားသူ ၇၅၉,၆၇၂ ဦးအနက် သတ်မှတ်ရက်တွင် အဆိုပါလက်မှတ် ပြန်လည်အပ်နှံသူ ၄၆၉,၁၈၃ ဦးကို စိစစ်ထုတ်ပေးထားခြင်းဖြစ်သည်။

J-08



FOLLOW US