News

POST TAGGED AS

ပါတီ

NCA ထိုးသည့် မွန်ပြည်သစ်ပါတီကို ပြည်နယ်ကြံ့ခိုင်ရေးပါတီ ဂုဏ်ပြုထောက်ခံ


မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးသည့် မွန်ပြည်သစ်ပါတီအား မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဂုဏ်ပြုထောက်ခံပွဲ ကျင်းပပြုလုပ်သည်။

ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကျင်းပသည့် အဆိုပါ ဂုဏ်ပြုထောက်ခံသည့်ပွဲကို ချောင်းဆုံမြို့၊ ချောင်းဆုံအနောက် စိန်ပါတီကွင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို ပါဝင်လက်မှတ်ရေးထိုးခြင်းသည် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်း တစ်ရပ်ဖြစ်ကြောင်းကို ပြည်သူများ သိရှိနားလည်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ဂုဏ်ပြုထောက်ခံပွဲကို ကျင်းပခြင်းဖြစ်သည်ဟု မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောသည်။

“NCA လက်မှတ်ရေးထိုးလိုက်တဲ့အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လမ်းပွင့်သွားမှာ ဖြစ်တယ်၊ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတစ်ရပ်လို့ ယူဆပြီးတော့ ပြည်သူတွေအနေနဲ့လည်း NCA လက်မှတ်ရေးထိုးတာကို သိရှိနားလည်စေလိုတဲ့အတွက် ဒီပွဲကို ကျင်းပတာဖြစ်တယ်”ဟု ဦးဝင်းမော်ဦးက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သော မွန်ပြည်သစ်ပါတီအား ဂုဏ်ပြုထောက်ခံပွဲသို့ လူအင်အား ၂၀၀ ကျော် တက်ရောက်သည်ဟု ပွဲကျင်းပသူတို့ထံမှ သိရသည်။

“အပစ်အခတ်ရပ်ဖို့ သဘောတူ လက်မှတ်ရေးထိုးတယ်ဆိုတာက ကျွန်တော်တို့ တိုင်းပြည်ပဲပြောပြော ကျွန်တော်တို့ မွန်ပြည်နယ်ပဲ ပြောပြောပေါ့၊ ငြိမ်းချမ်းဖို့အတွက်လုပ်တာပဲ ကျွန်တော်တို့လည်း ငြိမ်းချမ်းစေချင်တယ်၊ ဒါကြောင့်မို့ ဒီထောက်ခံပွဲကိုလာတာ”ဟု မွန်ပြည်သစ်ပါတီအား ဂုဏ်ပြုထောက်ခံပွဲသို့ တက်ရောက်ခဲ့သူ ဦးမောင်မောင်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလည်း မွန်ငြိမ်းချမ်းရေးကာကွယ်ရေး (အထူး) တပ်ဖွဲ့က ဦးဆောင်ပြီး မွန်ပြည်သစ်ပါတီအား ကြိုဆိုထောက်ခံသည့် ပွဲတစ်ရပ်ကို သံဖြူဇရပ်မြို့တွင် ကျင်းပခဲ့သည်။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လားဟူဒီမိုကရက်တစ် အစည်းအရုံးနှင့်အတူ ဖေဖော်ဝါရီ ၁၃ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ပထမဆုံးအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်က တပ်မတော်အစိုးရနှင့် တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားခဲ့ကာ ဒုတိယအကြိမ် အပစ်ခတ်ရပ်စဲရေး သဘောတူမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလခန့်က သဘောတူညီထားခဲ့ကြသည်။ 

Dawei Watch



FOLLOW US