News

POST TAGGED AS

ပါတီ

ရေးတွင် မွန်ပြည်သစ်ပါတီနှင့် KNU ပစ်ခတ်မှုဖြစ်ပွား
မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ်ရေးမြို့နယ် ခေါ်ဇာမြို့နယ်ခွဲရှိ မာန်အောင်ကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင် တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်နှင့် KNU တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း ၁၆ တပ်ဖွဲ့ဝင်တို့အကြား သစ်ခိုးထုတ်သည့်ကိစ္စကြောင့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

“သစ်ခိုးထုတ်တဲ့ကိစ္စကြောင့် ပစ်ခတ်ကြတယ်။ ပစ်ခတ်မှုက အနည်းအကျဉ်းပါပဲ၊ နှစ်ဦးနှစ်ဖက် အသေအပျောက်တော့မရှိဘူး”ဟု နိုင်ဝင်းလှက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်သည့် မာန်အောင်ကျေးရွာ အနီးတစ်ဝိုက်တွင် လူအင်အား ၅၀ ခန့်ရှိသည့် သစ်ခိုးထုတ်သည့်အဖွဲ့တစ်ခုကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးရမိခဲ့ပြီး KNU သို့ လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး KNU တပ်ရင်း ၁၆ ကိုဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။

မွန်ပြည်သစ်ပါတီအနေနှင့် ၎င်းတို့ ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေချောင်း ဖျားဒေသတစ်ဝိုက်ရှိ သစ်တောဧရိယာအတွင်းတွင် သစ်ထုတ်လုပ်မှုကို ၂၀၁၀ ခုနှစ်မှစကာ တားမြစ်ပိတ်ပင်ထားကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှုပြဿနာကြောင့် စစ်ရေးပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာ ပြေလည်လာခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်းတွင် တစ်ဖန် နယ်မြေအငြင်းပွားသည့်ကိစ္စ၊ သစ်ခိုးထုတ်သည့်ကိစ္စကြောင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဘက်တွင် ပစ်ခတ်မှု လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး KNU သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

Dawei Watch



FOLLOW US