News

POST TAGGED AS

ပါတီ

ရုရှားနိုင်ငံ ဒေဂျီစတန်ဘုရားကျောင်း တိုက်ခိုက်ခံရမှု IS အဖွဲ့၏လက်ချက်ဟုဆို


မော်စကို၊ ဖေဖော်ဝါရီ ၂၁

ရုရှားနိုင်ငံမြောက်ပိုင်း ကော့ကေးဆပ်ဒေသ ဒေဂျီစတန်ရှိ ဘုရားကျောင်းတစ်ခုကို အစ္စလာမ္မစ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုတွင် အမျိုးသမီးငါးဦး သေဆုံးခဲ့ပြီး IS အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုထားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

မွတ်ဆလင်လူများစုနေထိုင်သော ဒေဂျီစတန်ဒေသရှိ ကစ်စလယားမြို့မှ ခရစ်ယာန်ဘုရားကျောင်းတွင် ဘုရားကျောင်း လာတက်သူများကို အမည်မသိ သေနတ်သမားတစ်ဦးက ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် သေနတ်သမားသေဆုံးခဲ့ပြီး ရဲနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်နေရာတွင် အမျိုးသမီးလေးဦး သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

သေနတ်သမားသည် အသက် ၂၀ အရွယ်ဝန်းကျင်က ထိုဒေသတွင် နေထိုင်ခဲ့သူဖြစ်ပြီး အမဲလိုက်သေနတ်ကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။

ခရစ်ယာန်ဘုရားကျောင်းမှ ဘုန်းတော်ကြီး ဖာသာပါဗယ်လ်က “ကျုပ်တို့က မွန်းလွဲပိုင်း ဝတ်ပြုဆုတောင်းပြီးတော့ ဘုရားကျောင်းထဲက ထွက်လာကြတဲ့အချိန်မှာ မုတ်ဆိတ်နဲ့ လူတစ်ယောက်က ပြေးဝင်လာပြီး အလ္လာအရှင်သာ ကြီးမြတ်သည်လို့ အော်ဟစ်ရင်း သေနတ်နဲ့ပစ်တော့တာပါပဲ။ သူ့မှာ အမဲလိုက်ရိုင်ဖယ်နဲ့ ဓားပါလာတယ်”ဟု ပြောကြားသည်။

IS အဖွဲ့က ယင်းတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ပြောကြားသည်။

“ဒေဂျီစတန် ကစ်စလယားမြို့က ဘုရားကျောင်းကို အစ္စလာမ်စစ်သည် ခါလီဒါဂျက်စတန်နီက တိုက်ခိုက်ခဲ့ပါတယ်။ သူ့ရဲ့ပစ်ခတ်မှုကြောင့် ငါးဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ ရှိခဲ့ပါတယ်” ဟု IS အဖွဲ့က တယ်လီဂရမ် မက်ဆေ့ခ်ျအက်ပ်တွင် ထုတ်ပြန်ပြောဆိုထားသည်။

ရုရှား အော်သိုဒေါ့ ခရစ်ယာန်သာသနာပိုင် ပက်ထရီရတ်ခ်ျခီရီလ်၏ ပြောရေးဆိုခွင့်ရှိသူက ယင်းတိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချလိုက်ပြီး ကော့ကေးဆပ် မြောက်ပိုင်းဒေသတွင် ခရစ်ယာန်များနှင့် မွတ်ဆလင်များ ထိပ်တိုက်တွေ့အောင် နှိုးဆွရန် ရည်ရွယ်သော ရာဇဝတ်မှုဖြစ်သည်ဟု ပြောဆိုလိုက်သည်။

ပြည်တွင်းမီဒီယာများတွင် စစ်ဝတ်စုံဝတ်ထားသော မုတ်ဆိတ်သေနတ်သမား အလောင်း၏ ဓာတ်ပုံကို ဖော်ပြထားကြသည်။

ချေချင်းညှာနှင့် နယ်စပ်ချင်းဆက်နေသော ဒေဂျီစတန်သည် ရုရှားနိုင်ငံ၏ အဆင်းရဲဆုံး၊ မတည်ငြိမ်ဆုံး ဒေသတစ်ခုဖြစ်သည်။ 

ထိုဒေသမှ အစ္စလာမ်သူပုန်များသည် IS အဖွဲ့သို့ဝင်ရန် ဆီးရီးယားသို့ သွားရောက်ခဲ့ကြပြီးနောက် ၂၀၁၅ တွင် IS အဖွဲ့က ကော့ကေးဆပ်မြောက်ပိုင်းတွင် ဌာနခွဲ ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ပြီးခဲ့သောနှစ် အနည်းငယ်အတွင်း ဒေဂျီစတန်တွင် ရဲတပ်ဖွဲ့ဝင်များကို သေနတ်နှင့်ဗုံးများ အသုံးပြုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး IS အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ကြေညာခဲ့သည်။ 
 
F-04



FOLLOW US