POST TAGGED AS

ပါတီ

ရွာလုံးကျွတ် ကြံ့ခိုင်ရေးပါတီဝင်ခြင်းမဟုတ်ဟုဆို


မန္တလေး၊ ဖေဖော်ဝါရီ ၂၁

တံတားဦးမြို့နယ်ရှိ လက်ဆောင်ယူကျေးရွာနှင့် ဥယျာဉ်ကျေးရွာတို့မှ ဒေသခံများ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ရွာလုံးကျွတ်ဝင်သည်မှာ မဟုတ်ကြောင်း ယင်းကျေးရွာများရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လက်ဆောင်ယူကျေးရွာတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည့် NLD ပါတီဝင်များက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယင်းကျေးရွာ၌ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကြံ့ခိုင်ရေးပါတီ အဆိုပြုပေးအပ်ပွဲနှင့် ရပ်ကျေးဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ ကျင်းပခဲ့သော်လည်း ပါတီအနေနှင့် ရွာလုံးကျွတ်ပါတီဝင်ခဲ့သည်ဟု ပြောဆိုခြင်းမရှိခဲ့ကြောင်း လက်ဆောင်ယူ ကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဆောင်းတင်က တုံ့ပြန်ပြောကြားသည်။ 

လက်ဆောင်ယူကျေးရွာတွင် မူလပါတီဝင် ၂၇၀ ခန့်ရှိပြီး ယင်းအခမ်းအနားတွင် ပါတီဝင်အဆိုပြုလွှာ ၇၆၅ ဦး ပေးအပ်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ 

ယင်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ရွာလုံးကျွတ်ဝင်သည်မှာ မဟုတ်ကြောင်း သိစေချင်သည့်အတွက် သတင်းစာရှင်းပွဲ လုပ်ရခြင်းဖြစ်ကြောင်း ယင်းကျေးရွာဒေသခံ ဦးမြတ်ဆွေက ပြောကြားသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တံတားဦးမြို့နယ် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ထံ တင်ပြထားကြောင်း ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးသန်းဆွေက ဖြည့်စွက်ပြောဆိုသည်။ 

“ပြည်ခိုင်ဖြိုးပါတီက ပါတီဝင် ပေးအပ်ပွဲလုပ်တဲ့အခါ ရွာထဲမှာလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပုံစံမျိုး လုပ်သွားတာတွေရှိတယ်။ စည်းရုံးရေးကာလ မဟုတ်တဲ့အတွက် အခုလိုလုပ်လို့ရသလား လို့မေးချင်ပါတယ်။ NLD ပါတီက အခုလိုလုပ်ရင် ခွင့်ပြုမှာလားလို့ မေးချင်ပါတယ်”ဟု လက်ဆောင်ယူကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ NLD ပါတီဝင် ဒေါ်ဝေဝေက ပြောကြားသည်။  

M-01



FOLLOW US