News

POST TAGGED AS

ပါတီ

ရှစ်လေးလုံးပါတီဖြစ်မြောက်ရေး မန္တလေးတိုင်း စည်းရုံးရေးကော်မတီရုံးဖွင့်

မန္တလေး၊ ဖေဖော်ဝါရီ ၁၁

၈၈ မျိုးဆက် ကျောင်းသားဟောင်းများ ဦးဆောင်ဖွဲ့စည်းမည့် ရှစ်လေးလုံးပါတီ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ၊ မန္တလေးတိုင်းစည်းရုံးရေး ကော်မတီရုံးခန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

မြို့နယ်အဆင့် ရုံးခန်းများဖွဲ့စည်း ဖွင့်လှစ်လိုပါက မန္တလေးတိုင်း စည်းရုံးရေး ကော်မတီနှင့် ဆက်သွယ်ဖွဲ့စည်းနိုင်သည်ဟု မန္တလေးတိုင်း ရှစ်လေးလုံးပါတီ နိုင်ငံရေးပါတီ စည်းရုံးရေးတာဝန်ခံ ဦးကျော်ကျော်စိုးက ပြောကြားသည်။ 

“ပါတီက မှတ်ပုံတင် မကျသေးပေမယ့် မြို့နယ်အဆင့် စည်းရုံးရေး ကော်မတီတွေ ဖွဲ့လိုတယ်ဆိုရင် ကျွန်တော်တို့နဲ့ ဆက်သွယ်နိုင်ပါတယ်။ ပါတီတည်ထောင်ခွင့် ရပြီးတဲ့အခါမှာလည်း တိုင်းပါတီရုံး ဖွင့်မယ်။ မြို့နယ်တွေမှာလည်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်”ဟု ၈၈ အရေးအခင်းတွင် ပါဝင်ခဲ့ပြီး လက်ရှိအချိန်အထိ နိုင်ငံရေးလောကတွင် လှုပ်ရှားနေသူ မန္တလေးမြို့ခံ ၎င်းကပြောဆိုသည်။ 

ပါတီဖြစ်မြောက်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ပါတီတည်ထောင်ခွင့် တင်ထားကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးပြီးဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်ပို့လိုက်ပြီဟု သိရသောကြောင့် ယခုရက်ပိုင်းအတွင်း ကော်မရှင်က အကြောင်းပြန်မည်ဟု ယူဆကြောင်း ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေး ဦးဆောင်နေသူ ဦးကိုကိုကြီးက ပြောကြားသည်။ 

ယင်းပါတီအနေနှင့် နိုင်ငံသားတိုင်း လူမျိုး၊ ဘာသာ၊ ကျား၊ မ ဆင်းရဲ၊ ချမ်းသာ အဆင့်အတန်း ခွဲခြားဆက်ဆံမှု မရှိစေရေး၊ နိုင်ငံတော် တည်ဆောက်ရေးနှင့်ပတ်သက်၍ တိုင်းရင်းသား တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံသားတိုင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ခံစားနိုင်စေရေး၊ နိုင်ငံ လူဦးရေ အများဆုံးဖြစ်သည့် တောင်သူ လယ်သမားများနှင့် ပတ်သက်သည့် အခွင့်အရေးများကို ကာကွယ်မြှင့်တင် စောင့်ရှောက်ရေး၊ အလုပ်သမားများ၏ အခွင့်အရေးများ တရားမျှတစွာ ရရှိရေး၊ လူငယ်များ ရုပ်ပိုင်းစိတ်ပိုင်း ကျန်းမာသန်စွမ်းသည့် နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရေး၊ လွတ်လပ်မျှတသော ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းလာရေးနှင့် ပြည်ပ ဆက်ဆံရေးဖြစ်သည့် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အကျိုးတူ ပူးပေါင်း ဆက်ဆံရေးဟူ၍ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီက နိုင်ငံရေး အခြေခံမူဝါဒများ ချမှတ်ထားသည်။ 

ရှစ်လေးလုံးပါတီ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ၊ မန္တလေးတိုင်း စည်းရုံးရေး ကော်မတီရုံးခန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မန္တလေးမြို့ ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၃၅ လမ်း Sunrise Hotel တွင် ကျင်းပခဲ့သည်။

M-01



FOLLOW US