News

POST TAGGED AS

ပါတီ

ရှစ်လေးလုံးပါတီ မန္တလေးတိုင်း စည်းရုံးရေးကော်မတီ ဖွဲ့စည်း


မန္တလေး ဇန်နဝါရီ ၂၀ 

ရှစ်လေးလုံးအမည်ဖြင့် ပါတီမှတ်ပုံတင်ထားသည့် ပါတီဖြစ်မြောက်ရေးကော်မတီက တိုင်းနှင့်ပြည်နယ်အဆင့် စည်းရုံးရေးကော်မတီများ ဖွဲ့စည်းလျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်နေ့က မန္တလေးတိုင်း စည်းရုံရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

၈၈ ကျောင်းသားခေါင်းဆောင်များ ဦးဆောင်ပါဝင်ပြီး ရှစ်လေးလုံးအမည်ဖြင့် ပါတီတည်ထောင်ခွင့်ကို ပြီးခဲ့သည့် ဒီဇင် ဘာလ ၁၉ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ပြီးနောက် စည်းရုံးရေးကော်မတီများ ဖွဲ့စည်းနေခြင်းဖြစ်ကြောင်း ဗဟိုကော်မတီဝင် ဦးရဲနိုင်အောင်က ပြောကြားသည်။

“အခြေခံကော်မတီတွေဖွဲ့နေတာ ဖြစ်ပါတယ်။ ပါတီဖြစ်မြောက်ရေး ကာလဖြစ်တဲ့အတွက် လက်ရှိလုပ်နေတာတွေက ပါတီဝင် စုဆောင်းနေတာမဟုတ်ဘူး။ ပါတီဖြစ်ဖို့အတွက် အချိန်လေးလလောက် ကြာနိုင်တဲ့အတွက် ဒီအတောအတွင်းမှာ စည်းရုံရေးကော်မတီတွေ နေရာအနှံမှာ ဖွဲ့စည်းတဲ့သဘောပါ”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် တနင်္သာရီတိုင်းမှလွဲ၍ ကျန်တိုင်းများတွင် စည်းရုံးရေးကော်မတီများ ဖွဲ့စည်းထားပြီး ပြည်နယ်များအနေနှင့် ရှမ်းနှင့်မွန်ပြည်နယ်တွင် ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ကျန်နေသည့် ပြည်နယ်များတွင် ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီထံမှ ထပ်မံသိရသည်။

နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီအနေနှင့် နိုင်ငံသားတိုင်း လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ ဆင်းရဲချမ်းသာ အဆင့်အတန်း ခွဲခြားဆက်ဆံမှုမရှိစေရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ပတ်သက်၍ တိုင်းရင်းသားတန်တူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံသားတိုင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးခံစားနိုင်စေရေး၊ နိုင်ငံ့လူဦးရေအနက် အများဆုံးဖြစ်သည့် တောင်သူလယ်သမားများနှင့် ပတ်သက်သည့် အခွင့်အရေးများကို ကာကွယ်မြှင့်တင် စောင့်ရှောက်ရေး၊ အလုပ်သမားအခွင့်အရေးများ တရားမျှတစွာရရှိရေး၊ လူငယ်များ အနေနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာသန်စွမ်းသည့် နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရေး၊ လွတ်လပ်မျှတသော ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းလာရေးနှင့် ပြည်ပဆက်ဆံရေးဖြစ်သည့် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အကျိုးတူပူးပေါင်းဆက်ဆံရေး စသည့် နိုင်ငံရေးအခြေခံမူဝါဒများ ချမှတ်ထားကြောင်း ထုတ်ပြန်ထားသည်။

ရှစ်လေးလုံးအမည်ဖြင့် ပါတီတည်ထောင်ခြင်းကို ကန့်ကွက်ကြောင်း ပဲခူးအနောက်ခြမ်းရှိ ရှစ်လေးလုံးအထွေထွေ သပိတ်ကော်မတီနှင့် ဗ.က.သ ကျောင်းသားဟောင်းများက ဒီဇင်ဘာ ၂၆ ရက်နေ့က ကြေညာထားသည်။ 

M-05




FOLLOW US