News

POST TAGGED AS

ပါတီ

ကချင်သုံးပါတီပေါင်းပြီး ပါတီသစ်ထောင်မည်
ရန်ကုန်၊ ဇန်နဝါရီ ၁၄

ကချင်ပြည်နယ်အခြေစိုက် ကချင်တိုင်းရင်းသားပါတီ သုံးပါတီကို ပူးပေါင်း၍ ပါတီသစ်တစ်ခုကို တည်ထောင်သွားရန် သဘောတူခဲ့ပြီဖြစ်ကြောင်း အဆိုပါ ပါတီခေါင်းဆောင်များထံမှ သိရသည်။

ကချင်နိုင်ငံရေးပါတီများဖြစ်သည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) နှင့် ကချင်အမျိုးသားကွန်ဂရက် (KNC) စသည့် ပါတီသုံးခုသည် ဇန်နဝါရီလ ၁၃ ရက်က မြစ်ကြီးနားမြို့နယ်တွင် ပြုလုပ်သည့် ပါတီပေါင်းစည်းရေး အစည်းအဝေးအပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးကာ ပါတီသစ် ပူးတွဲတည်ထောင်ရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ သဘောတူညီမှု လက်မှတ်ထိုးခြင်းသည် ပါတီသစ်ထူထောင်ရေး ပထမခြေလှမ်းဖြစ်ပြီး ပါတီအမည်သစ်နှင့် တံဆိပ်များအတွက် လာမည့်ဖေဖော်ဝါရီလတွင် ဆွေးနွေးရန် ဆုံးဖြတ်ထားကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက ပြောကြားသည်။

ထို့ပြင် ပါတီသစ်၏ ဖွဲ့စည်းပုံများနှင့် ပတ်သက်၍လည်း ယာယီပါတီ ဦးဆောင်ဖွဲ့စည်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဖြစ်ပြီး ပါတီသစ် အကောင်အထည်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

“နာမည်အသစ် လိုဂိုအသစ် ပါတီအသစ်ပေါ့။ အပြင်ကလူတွေလည်း ပါချင်တဲ့သူ ပါလို့ရအောင် လမ်းဖွင့်ပေးထားမယ်ပေါ့။ လူထုနဲ့ တွေ့ဆုံပြီးတော့ နာမည်တွေ လိုဂိုတွေက ဆုံးဖြတ်သွားမယ်ပေါ့”ဟု ၎င်းက ဆိုသည်။

ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးအတွက် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC) ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မှ ပူးပေါင်းရေး သဘောတူနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ကချင်ပါတီများ ကွဲပြားနေမှုများကြောင့် လွှတ်တော်များသို့ ကချင်တိုင်းရင်းသားပါတီများ ရောက်ရှိမှု နည်းပါးခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်မှုများကြောင့် တစ်ပါတီတည်း ပေါင်းစည်းရေးကို ဆောင်ရွက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ယင်းပါတီသုံးခုအနက် ကချင်ပြည်နယ် ဒီမိုကရေစီပါတီတစ်ခုတည်းကသာ ပြည်သူ့လွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် သုံးနေရာ အနိုင်ရထားခဲ့ပြီး ကျန်သည့်ပါတီနှစ်ခုမှာ အနိုင်ရခဲ့ခြင်း မရှိပေ။

ကချင်ပြည်နယ်အတွင်း အများဆုံး အနိုင်ရခဲ့သည့်ပါတီမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဖြစ်ပြီး ကချင်ပြည်နယ်၏ မဲဆန္ဒနယ် ၄၄ နေရာအထိ အနိုင်ရရှိခဲ့သည်။

J-08



FOLLOW US