News

POST TAGGED AS

ပါတီ

31-Dec-2017

ရန်ကုန် NLD ပါတီ
နှစ်ရက်ကြာကျင်းပမည့် NLD ပါတီ ဗဟိုကော်မတီအစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ တင်ပြချက်များကို ဆွေးနွေးမည်
ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ဗဟန်းမြို့နယ် ပါတီဌာနချုပ်တွင် နှစ်ရက်ကြာကျင်းပမည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ တင်ပြချက်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ပါတီထိပ်တန်းခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

အဆိုပါအစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပါတီဌာနချုပ်တွင် ဒီဇင်ဘာလ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး NLD ပါတီ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက တင်ပြလာမည့် ခြောက်လတာ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ တင်ပြချက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပါတီဗဟိုကော်မတီ အစည်းအဝေး ကျင်းပတာက ပါတီတွင်း ချိတ်ဆက်မှုတွေ အမြဲရှိနေဖို့လုပ်ရတာပါ”ဟု ၎င်းက ဆိုသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်သူ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက “လက်နက်ကိုင် ပဋိပက္ခတွေ အကြမ်းဖက်မှုတွေ မရှိရုံနဲ့ ငြိမ်းချမ်းနေပြီ ပြောလို့မရပါဘူး။  တည်ငြိမ်ပြီး ခိုင်မာတဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အငွေ့အသက်တွေ ဖြစ်ထွန်းနေတဲ့ အခြေအနေကိုမှ ငြိမ်းချမ်းရေးရတယ်လို့ ဆိုနိုင်ပါတယ်”ဟု ငြိမ်းချမ်းရေး လက်နက်ကိုင် ပဋိပက္ခများ အရေးနှင့်ပတ်သက်၍ သဘာပတိမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဝင်များအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပါတီက ရွေးကောက်ခံထားရသည့် လွှတ်တော်ဥက္ကဋ္ဌများ၊ အရန်ဗဟိုကော်မတီဝင်များလည်း အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

NLD ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးကို ခြောက်လတစ်ကြိမ် ကျင်းပလေ့ရှိပြီး ယခုကျင်းပသည့် အစည်းအဝေးသည် အဋ္ဌမအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် သတ္တမအကြိမ်မြောက်  အစည်းအဝေးကို ဇွန်လပိုင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။

NLD ပါတီသည် လက်ရှိတွင် ဗဟိုကော်မတီဝင် ၁၀၈ ဦးရှိပြီး အရန်ဗဟို ကော်မတီဝင် ၁၇ ဦးရှိကြောင်း အဆိုပါ ပါတီထံမှ သိရသည်။   

J-08



FOLLOW US