News

POST TAGGED AS

ပါတီ

သမ္မတနှင့်တွေ့ဆုံရန် နိုင်ငံရေးပါတီများ တောင်းဆိုသော်လည်း သမ္မတရုံးအကြောင်းမပြန်ဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ ဆွေးနွေး အဖြေရှာရန် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေး အင်အားစုပါတီများသည် နိုင်ငံတော်သမ္မတထံ စာရေးသား တင်ပြထားပြီး ဖြစ်သော်လည်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့အချိန်ထိ အကြောင်းပြန်ခြင်း မရှိကြောင်း အဆိုပါ နိုင်ငံရေးပါတီများထံမှ သိရသည်။

ထိုကဲ့သို့ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရန် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ သည် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း၌ စာရေးသား ပေးပို့ထားပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့်က The Voice သို့ ပြောဆိုသည်။

“ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် နိုင်ငံရေးပါတီတွေရဲ့ ပူးတွဲထုတ်ပြန်ချက်များနဲ့အတူ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးဖို့ စာရေးသား ပေးပို့တောင်းဆိုထားတယ်။ သို့သော်လည်း သမ္မတထံက အကြောင်းပြန်ကြားပေးထားတာ ယနေ့ထိ မရှိသေးဘူး”ဟု ဦးသိန်းညွှန့်က ပြောသည်။

အလားတူ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် အဆိုပါ နိုင်ငံရေး အင်အားစုပါတီများသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အိတ်ဖွင့်ပေးစာ တစ်စောင်ကိုလည်း ပေးပို့ထားပြီးဖြစ်သည်။

ယင်းသို့ ပေးပို့သည့်စာတွင် တပ်မတော်အနေနှင့် ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် ဖွဲ့စည်းပုံမှ ပေးအပ်ထားသည့် အခွင့်အာဏာများအတိုင်း ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း ယင်းနိုင်ငံရေး အင်အားစုပါတီ အချို့၏ ပြောရေးဆိုခွင့်ရှိသူများက ပြောဆို ထားသည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်ဖြစ်စဉ်အပေါ် နိုင်ငံရေးပါတီများမှ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုသည့်ကိစ္စရပ်အပေါ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

J-07



FOLLOW US