News

POST TAGGED AS

ပါတီသစ်

ဦးကိုကိုကြီးဦးဆောင်သည့်ပါတီ ပြည်သူ့ပါတီအဖြစ် အမည်ပြောင်း


မန္တလေး၊ ဇူလိုင် ၈

ကန့်ကွက်မှုများနှင့်ရင်ဆိုင်နေရသော ရှစ်လေးလုံးပြည်သူ့ပါတီအမည်အစား ပြည်သူ့ပါတီအဖြစ်အမည်ပြောင်းလိုက်ကြောင်း နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီတာဝန်ခံ ဦးကိုကိုကြီးက ပြောကြားသည်။

မန္တလေးမြို့ရှိ Golden City Light Hotel ၌ ဇူလိုင်လ ၈ ရက်နေ့က ကျင်းပသည့် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးတွင် ယင်းအမည်ဖြင့် ရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်လျှောက်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။

“ထပ်ပြီးကန့်ကွက်ခဲ့ရင်တောင် ကျွန်တော်တို့သန္နိဋ္ဌာန်ချထားတာက နိုင်ငံရေးပါတီ မဖြစ်ဖြစ်အောင်ကြိုးစား မယ်။ ဘာ့ကြောင့်လဲဆိုတော့ ၈၈ မျိုး ဆက်တွေ၊ လက်တွဲလုပ်နေတဲ့သူတွေ အားလုံးအတွက် နိုင်ငံရေးပါတီတစ်ရပ် ဖြစ်မြောက်အောင် သန္နိဋ္ဌာန်ချထားပြီး ဖြစ်တဲ့အတွက်ပဲ။ ဒါကြောင့် ဒီတစ်ကြိမ် ထပ်ပြီးပြင်ပေးတဲ့အခါမှာ ရှိပြီးသားနိုင်ငံရေးပါတီတံဆိပ်တွေကို လေ့လာပြီးတော့ ဆင်တူယိုးမှားမရှိတဲ့ အမည်၊ အလံ၊ တံဆိပ်တွေကို ရွေးချယ်ထားပါတယ်။ ကန့်ကွက်တာမျိုး ထပ်မဖြစ်လောက်တော့ဘူးလို့ ယူဆတယ်”ဟု ဦးကိုကိုကြီးက ပြောကြားသည်။

တတိယအကြိမ်မြောက် ရွေးချယ်ထားသော ပြည်သူပါတီအမည်ဖြင့် ဇူလိုင်လ ၉ ရက် (ယနေ့) တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြမည်ဖြစ်သည်။

နိုင်ငံရေးပါတီတစ်ရပ်ဖြစ်မြောက်ရေး တတိယအကြိမ်အစည်းအဝေးတွင် ပါတီအမည်ဆုံးဖြတ်ခဲ့သည့်အပြင် ပါတီအမှတ်တံဆိပ်နှင့် အလံအဖြစ် အဝါနှစ်လိုင်းကြားတွင် အနီတစ်လိုင်းကိုရွေးချယ်ခဲ့ပြီး မီးတုတ်ကိုင်ထားသည့် လက်နှစ်ခုပါဝင်မည်ဖြစ်ကာ မီးတုတ်ကိုင်ထားသော လက်ဘေးတွင် အဖြူရောင်စာလုံးဖြင့် ပြည်သူ့ပါတီဟု ရေးထိုးထားသည့်အလံကို အတည်ပြုဆုံးဖြတ်ခဲ့သည်။

ဦးကိုကိုကြီးဦးဆောင်သော နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီအနေနှင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ရှစ်လေးလုံးပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့ရာ ၂၀၁၈ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူ နှစ်ဦးက ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်။ 

ကော်မရှင်နှင့်ဆွေးနွေးချက်အရ ၂၀၁၈ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ရှစ်လေးလုံးပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲလျှောက်ထားခဲ့ရာ ဧပြီလ ၂၆ ရက်နေ့တွင် ကော်မရှင်မှ ရှစ်လေးလုံး ပြည်သူ့ပါတီအဖြစ် တည်ထောင်ခွင့်ပြုသည်ဟု အကြောင်းပြန်ခဲ့၍ ၂၀၁၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ပါတီခေါင်းဆောင် အမည်၊ အလံ၊ တံဆိပ်၊ ပါတီဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို ကော်မရှင်သို့တင်ပြခဲ့သည်။ 

ယင်းနောက် မေလ ၅ ရက်နေ့တွင် ရှစ်လေးလုံးပြည်သူ့ပါတီ၏ အမည်၊ အလံ၊ အမှတ်တံဆိပ်များကို ခုနစ်ရက်အတွင်း ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့သည်။

ယင်းသို့ကြေညာပြီးနောက်တွင် လူပုဂ္ဂိုလ် ၂၃၀ ကျော်က မေလ ၈ ရက်နေ့တွင် လက်မှတ်ရေးထိုးကန့်ကွက်ခဲ့ကြောင်း၊ ထို့ကြောင့် ပါတီအမည်ကို ရှစ်လေးလုံး အမည်မပါသည့် (စာဖြင့်ဖြစ်စေ၊ ဂဏန်းဖြင့်ဖြစ်စေ) ဖော်ပြထားခြင်းမရှိသည့် အမည်၊ အလံ၊ တံဆိပ်တို့ကို ပြင်ဆင်၍ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့နောက် ဆုံးထားတင်ပြရန်၊ ညွန်ကြားချက်ကို လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန်လျှောက်ထားခြင်းကို ပယ်ဖျက်မည်ဖြစ်ကြောင်း ဦးကိုကိုကြီးထံသို့ ဇွန်လဒုတိယပတ်အတွင်းက ပေးပို့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာအရ သိရသည်။

M-05



FOLLOW US