News

POST TAGGED AS

ပါတီသစ်

14-Mar-2018

ကရင် ပါတီသစ်
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းတည်ဆောက်မည်ဟု ကရင်ပူးပေါင်းပါတီသစ်ဆို
ဘားအံ၊ မတ် ၁၃

ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီ (KNDP) အနေနှင့် ကျယ်ပြန့်ပြီး ခက်ခဲမှုများရှိသော်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းတည်ဆောက်မည်ဖြစ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။

မတ်လ ၁၂ ရက်နေ့က ပြုလုပ်သည့် ယင်းပါတီ၏ အလုပ်အမှုဆောင် ရွေးချယ်ပွဲအပြီးတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီးနောက် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ အင်မတန်ကျယ်ပြန့်ပါတယ်၊ NLD နဲ့ ပြည်ခိုင်ဖြိုးသင့်မြတ်ဖို့ပါသလို၊ NLD နဲ့တပ်မတော်၊ NLD နဲ့ကျွန်တော်တို့ တိုင်းရင်းသားတွေပါတယ်၊ ဘယ်လောက် အတိုင်းအတာအထိ ရောက်ပြီလဲဆို ကျွန်တော်တို့တိုင်းရင်းသားတွေ ခံစားရတာတော့ သိပ်မရောက်သေးဘူး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာကလည်း ဝေဝါးနေတုန်းပဲ၊ ၂၁ ပင်လုံညီလာခံကလည်း နည်းနည်းလေး လိပ်ခဲတည်းလည်းဖြစ်နေတယ်၊ ဒါကို ကျွန်တော်တို့က ပြေလည်အောင်၊ ပီပြင်အောင် ကြိုးစားတည်ဆောက်သွားမယ်”ဟု မန်းအောင်ပြည်စိုးက ပြောဆိုသည်။

အဆိုပါပါတီကို ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီဟောင်းများဖျက်သိမ်းပြီး ပါတီအသစ်တည်ထောင်ခြင်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေက မှတ်ပုံတင် အမှတ်-၁၀၈ ဖြင့် အတည်ပြုပြီးနောက် ပြည်နယ်ရှိ ကရင်တိုင်းရင်းသားပါတီ ၄ ခု မှ ၃ ခုကို ဖျက်သိမ်းပြီး ပူးပေါင်းလိုက်ခြင်းဖြစ်ပြီး ပါတီ၏ အဓိက မူဝါဒအားဖြင့် မူဝါဒ ၄ ရပ်ကိုချမှတ်ထားကြောင်း ယင်းပါတီ အလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။

ယင်း KNDP ပါတီသစ်၏ အလုပ်အမှုဆောင်ရွေးပွဲတွင် အလုပ်အမှုဆောင်အနေနှင့် ပူးပေါင်းပါတီဟောင်း တစ်ခုစီမှ ရွေးချယ်ခံပုဂ္ဂိုလ် ရှစ်ဦးစီကို စေလွှတ်ရွေးချယ်ပြီးနောက် အလုပ်အမှုဆောင် ၁၅ ဦးကို ရွေးချယ်ကာ၊ ပါတီဥက္ကဋ္ဌ တစ်ဦး၊ ဒုတိယဥက္ကဋ္ဌ ၂ ဦး၊ အတွင်းရေးမှူးတစ်ဦး၊ တွဲဖက်အတွင်းရေးမှူး ၂ ဦးတို့ဖြင့် အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယင်းပါတီ အလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။

KNDP ပါတီသည် ယခင်ကရင် ပြည်နယ်ရှိ ကရင်ပါတီ ၄ ခုအနက် ကရင် ဒီမိုကရက်တစ်ပါတီ (KDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့က ပါတီဟောင်းများကို ဖျက်သိမ်းပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ပါတီသစ်တစ်ခု ဖြစ်သည်။ 

R-17



FOLLOW US