News

POST TAGGED AS

ပါကစ္စတန်

ပါကစ္စတန်တာလီဘန်ခေါင်းဆောင် မူလားဖာဇူလာ အာဖဂန်နစ္စတန်တွင် အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုခံရ


ကဘူးလ်၊ ဇွန် ၁၆

ပါကစ္စတန်တာလီဘန်ခေါင်းဆောင် မူလားဖာဇူလာသည် အာဖဂန်နစ္စတန်တွင် အမေရိကန်လေကြောင်း တိုက်ခိုက်မှုကြောင့် ကျဆုံးသွားပြီဟု အတည်မပြုနိုင်သော သတင်းများရရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ်က ပါကစ္စတန်တွင် ကျောင်းသူ မာလာလာအား ပစ်ခတ်မှုကို ဖာဇူလာ၏တပည့်များက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်က ပတ်ရှဝါတွင် ကျောင်းသားငယ် ၁၃၀ ကျော် အသတ်ခံရမှုတွင်လည်း ၎င်းက နောက်ကွယ်မှစီစဉ်ခဲ့ခြင်းဖြစ်သည်။

ဖာဇူလာသည် ၂၀၁၃ တွင် ပါကစ္စတန်တာလီဘန် အကြီးအကဲဖြစ်လာခဲ့ပြီး အာဖဂန်နစ္စတန်တွင် နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့သည်။

ယခု အမေရိကန်လေကြောင်း တိုက်ခိုက်မှုသည် အာဖဂန်တပ်ဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်စစ်ဘက်က ပါကစ္စတန်နှင့်ထိစပ်နေသော အာဖဂန်အရှေ့ပိုင်း ခူနာပြည်နယ်တွင် စစ်သွေးကြွ အကြီးတန်းခေါင်းဆောင်တစ်ဦးကို ပစ်မှတ်ထားတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့သည်ဟုသာ သတင်းထုတ်ပြန်သည်။

ဖာဇူလာတိုက်ခိုက်ခံရပြီး ကျဆုံးသွားသည်ဟု အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီသို့ ပြောကြားခြင်းဖြစ်ပြီး တာလီဘန်တို့ကမူ မှတ်ချက်ပေးခြင်းမရှိသေးပေ။

ယခုလအစောပိုင်း ရာမာဒန်ဥပုသ် လပြီးဆုံးသည့် ကာလတွင် တာလီဘန်နှင့် အပစ်ရပ်စဲကြောင်း အာဖဂန်အစိုးရက ကြေညာခဲ့ပြီး တာလီဘန်တို့ကလည်း သုံးရက်ကြာ အပစ်ရပ်စဲကြောင်း ပြန်လည်ကြေညာခဲ့သည်။

အာဖဂန်တွင် သောကြာနေ့က အိဒ်ပွဲတော်ကိုကျင်းပခဲ့ပြီး ရုပ်သံမိန့်ခွန်းတွင် သမ္မတအက်ရှရတ်ဖ်ဂါနီက အပစ်ရပ်စဲမှုကို နှစ်ဖက်စလုံးက လိုက်နာခဲ့ကြသည်ဟု ပြောကြားကာ အပစ်ရပ်ကာလကို တနင်္ဂနွေနေ့အထိ တိုးချဲ့ရန် တာလီဘန်တို့ကို တိုက်တွန်းခဲ့သည်။

အမေရိကန်စစ်ဘက်ကလည်း အာဖဂန်ပြည်သူတို့ အိဒ်ပွဲတော်ကိုစိုးရိမ်မှုမရှိဘဲ ဆင်နွှဲနိုင်ရန် အိဒ်ရပ်စဲမှုကို လေးစားလိုက်နာမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်သည် သမ္မတထရမ့်က ပွင့်လင်းသောစစ်ရေးမူဝါဒကို မနှစ်ကကြေညာပြီးနောက်ပိုင်း အာဖဂန်နစ္စတန်တွင် တာလီဘန်တို့အားဗုံးကြဲမှုကို အရှိန်မြင့်ခဲ့သည်။

သောကြာနေ့တွင် အာဖဂန်ရှိ အမေရိကန်စစ်ဘက်က အာဖဂန်တာလီဘန်တို့နှင့် အပစ်ရပ်စဲမှုကို ဆက်လက်လိုက်နာနေသည်ဟု ပြောကြားခဲ့သည်။ အာဖဂန်တာလီဘန်နှင့် ပါကစ္စတန်တာလီဘန်တို့မှာ သီးခြားစီဖြစ်သည်။

ဖာဇူလာသည် ပါကစ္စတန်တွင် ရှာရီယာဥပဒေကို ချမှတ်လိုသော အစွန်းရောက် စစ်သွေးကြွတစ်ဦးဖြစ်သည်။ ၎င်းသည် ဒေါသအမျက်သင့်သော ဟောပြောမှုများကို ပါကစ္စတန်ဆွပ်တောင်ကြားမှ ထုတ်လွှင့်ခဲ့ပြီး မူလားရေဒီယိုဟု လူသိများသူတစ်ဦးဖြစ်သည်။

ပတ်ရှ်ဝါတွင် ကျောင်းသားလေးများကို ရက်ရက်စက်စက်သတ်ဖြတ်မှုအပြီး ပါကစ္စတန်တာလီဘန်တို့၏ဩဇာ တစ်ဖြည်းဖြည်းကျဆင်းလာခဲ့သည်ဟု သိရှိရသည်။

ပါကစ္စတန်စစ်တပ်က နယ်စပ်တစ်ကြောမှ ဖာဇူလာတာလီဘန်အဖွဲ့ကို အာဖဂန်နယ်မြေအတွင်းသို့ တိုက်ထုတ်ခဲ့သော်လည်း ပျောက်ကျားတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်မည်ဟု ဖာဇူလာက ပြောဆိုခဲ့သည်။  

F-04



FOLLOW US