News

POST TAGGED AS

ပါကစ္စတန်

ဒုံးကျည်ဖြင့်ပစ်ခတ်ခံရပြီးနောက် ဂါဇာရှိ ဟားမားစ်ပစ်မှတ်များကို အစ္စရေးတိုက်ခိုက်

ဂါဇာ၊ ဒီဇင်ဘာ ၉

ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်သည့်အနေနှင့် ဟားမားစ် စစ်သွေးကြွအုပ်စု၏ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးက ပြောကြားကြောင်း BBCသတင်းတွင် ဖော်ပြထားသည်။

စနေနေ့ အစောပိုင်းတွင် ဂါဇာရှိ လက်နက်ထုတ်လုပ်သော နေရာများနှင့် သိုလှောင်ရာနေရာများကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်ဘက်က ပြောကြားသွားသည်။

ယခင်ရက်က ဂါဇာမှ အစ္စရေးသို့ ဒုံးကျည်သုံးစင်း ပစ်ခတ်ခဲ့ရာ တောင်ပိုင်း စတာရော့မြို့ကို ထိမှန်ခဲ့သည်။

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် ထရမ့်က အသိအမှတ်ပြုလိုက်ပြီး နောက်တွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

နောက်ဆုံးဖြစ်ရပ်များအတွင်း သောကြာနေ့က ဂါဇာတွင် ပဋိပက္ခများ ဖြစ်ပွားစဉ် လူအုပ်ထဲသို့ အစ္စရေးတပ်များက ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းနှစ်ဦး သေဆုံးခဲ့သည်။

ဟားမားစ်တို့ ပစ်ခတ်ခဲ့သော ဒုံးကျည်သုံးစင်းအနက် တစ်စင်းမှာ ကြားဖြတ်ပစ်ချခံခဲ့ရပြီး တစ်စင်းမှာ လူမနေသောဒေသသို့ ကျရောက်ကာ နောက်ဆုံးတစ်စင်းမှာ စတာရော့ကို ထိမှန်သွားခဲ့ရာ လူအသေအပျောက် မရှိဟု အစ္စရေးတို့က ပြောကြားသည်။

သောကြာနေ့က အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် လူ ၂၅ ဦး သေဆုံးခဲ့သည်ဟု ပါလက်စတိုင်းဘက်က ပြောကြားသည်။

စတာရော့ကို ဒုံးကျည်ထိမှန်ပြီးနောက် စနေနေ့ အစောပိုင်းတွင် အစ္စရေးက လေကြောင်း တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ ထိခိုက်ပျက်စီးမှု အတိုင်းအတာကို မသိရသေးပေ။

သောကြာနေ့က ဝတ်ပြုမှုများအပြီး ပါလက်စတိုင်း ခေါင်းဆောင်များက ဆန္ဒပြပွဲများ ပြုလုပ်ရန် နှိုးဆော်ခဲ့ပြီးနောက် ဂါဇာအနောက်ဘက်ကမ်းတွင် အစ္စရေးတို့က တပ်ဖွဲ့အင်အားများကို တိုးချဲ့ ဖြန့်ကြက်ထားခဲ့သည်။

အရှေ့ဂျေရုဆလင်နှင့် အနောက်ဘက်ကမ်းတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများကြောင့် အနည်းဆုံး ပါလက်စတိုင်း ၂၁၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု ပါလက် စတိုင်းမီဒီယာများက ထုတ်ပြန်သည်။

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သမ္မတထရမ့်က အသိအမှတ်ပြုကြောင်း ကြေညာပြီးနောက်တွင် ဂျော်ဒန်၊ အီဂျစ်၊ အီရတ်၊ တူရကီ၊ တူနီးရှားနှင့် အီရန်တို့တွင် ထောင်ပေါင်း များစွာသော ပါလက်စတိုင်း ထောက်ခံသူများ ချီတက်ဆန္ဒပြခဲ့ကြသည်။

ထို့အပြင် မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ကက်ရှ်မီးယားနှင့် အင်ဒိုနီးရှား တို့တွင်လည်း ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

F-04



FOLLOW US