News

POST TAGGED AS

ပလတ်စတစ်

ပြင်သစ်တွင် ပြန်လည်ထုတ်လုပ်သုံးစွဲခြင်းမပြုနိုင်သော ပလတ်စတစ်ကို ဒဏ်ရိုက်မည်


ပဲရစ်၊ ဩဂုတ် ၁၃

ပြင်သစ်နိုင်ငံသည် ၂၀၂၅ တွင် ပြန်လည်ထုတ်လုပ်သုံးစွဲခြင်းပြုနိုင်သော Recycled ပလတ်စတစ်ကိုသာအသုံးပြုရန် ဆုံးဖြတ်ထားမှုအရ Non Recycled ပလတ်စတစ်ဖြင့် ကုန်ပစ္စည်းထုတ်ပိုးမှုများအား ဒဏ်ရိုက်မည့်စနစ်ကို စတင်ကျင့်သုံးရန် စီစဉ်နေသည်ဟု သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန တာဝန်ရှိသူက တနင်္ဂနွေနေ့တွင် ပြောကြားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ 

ဂေဟစနစ် အသွင်ကူးပြောင်းမှုဌာန အတွင်းဝန် ဘရွန်ပွိုင်ဆန်က ဒဏ်ကြေးစနစ်သည် လာမည့်နှစ်များတွင် အကောင်အထည်ဖော်မည့်အစီအစဉ်များထဲမှ တစ်ခုဖြစ်ကြောင်း၊ ပလတ်စတစ်ကိုစစ်ကြေညာရုံနှင့် မလုံလောက်သေးကြောင်း၊ ပြင်သစ်စီးပွားရေးကို အသွင်ပြောင်းပစ်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

အစီအစဉ်သစ်အရ recycled ပလတ်စတစ် အသုံးပြုသောထုတ်ကုန်များသည် စရိတ်တက်မှု ၁၀ ရာခိုင်နှုန်းမပြည့်ဘဲ၊ non recycled ပလတ်စတစ် အသုံးပြုသော ထုတ်ကုန်များမှာမူ ၁၀ ရာခိုင်နှုန်းကျော် စရိတ်တက်လာမည်ဟုဆိုသည်။

“ပလတ်စတစ်ပုလင်း နှစ်မျိုးကို ယှဉ်ရွေးတဲ့အခါ ပထမတစ်မျိုးက ဈေးမကြီးတာကိုတွေ့ရမှာပါ” ဟု ပွိုင်ဆန်က ပြောကြားသည်။

Zero Waste France မှ ဖလော်ရီဘာလင်ဂန်က “ကုမ္ပဏီတွေ လိုက်ပါလုပ်ဆောင်ကြဖို့ မျှော်လင့်ပါတယ်။ ဒါမှ စားသုံးသူတွေအပေါ်မှာ ဒဏ်ကြေး မသက်ရောက်မှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။

ပလတ်စတစ် ထုတ်ပိုးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အီမန်နူရယ်ဂူချတ်ကမူ အစီအစဉ်သစ်ကို သတိထား၍ သုံးသပ်ပြောဆိုသည်။

“ပုလင်းတွေကို ရွေးချယ်သုံးစွဲခိုင်းတာကတော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ တခြားပစ္စည်းတွေကို မေ့ထားလို့မရပါဘူး။ ဒိန်ချဉ်ဘူးအတွက် သင့်တော်တဲ့ recycled ပလတ်စတစ်မရှိသေးပါဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

ပြင်သစ်နိုင်ငံမှ ပလတ်စတစ်တိုက်ခိုက်မှုများ လှုပ်ရှားမှုကို စည်းရုံးလှုံ့ဆော်သူ ဖန်နီဗီစ်မာရာက ပြင်သစ်၏ အစီအစဉ်သည် ပြည့်စုံမှုမရှိသေးကြောင်း၊ ပလတ်စတစ် recycle လုပ်ခြင်းမျှသာဖြစ်ပြီး ပလတ်စတစ်ကို လျှော့ချခြင်းမဟုတ်သေးကြောင်း သုံးသပ်ပြောဆိုသည်။

ဖန်ထည်သည် ပလတ်စတစ်ကဲ့သို့ မဟုတ်ဘဲအဆုံးစွန် recycle လုပ်နိုင်သောပစ္စည်း ဖြစ်သည်ဟု သူမက ထောက်ပြသည်။

ဖလော်ရီဘာ လင်ဂန်ကလည်း “recycle လုပ်ခိုင်းတာဟာ လိုအပ်ပေမယ့် မလုံလောက်သေးပါဘူး။ အလွန်အကျွံ ထုပ်ပိုးမှုတွေ၊ တစ်ခါသုံးပစ္စည်းတွေကို ပိုမိုကန့်သတ်ရပါလိမ့်မယ်”ဟု ပြောကြားသည်။

လက်ရှိတွင် ပြင်သစ်နိုင်ငံသည် ပလတ်စတစ်အားလုံး၏ ၂၅ ရာခိုင်နှုန်းကို recycle လုပ်၍ သုံးစွဲနေသည်ဟု သိရှိရသည်။ 

ထို့ပြင် ဈေးဝယ်ကုန်တိုက်များတွင် တစ်ခါသုံးပလတ်စတစ်အိတ်များကို ပိတ်ပင်ထားပြီးဖြစ်ကာ ဈေးဝယ်သူများအား ကိုယ်ပိုင်အိတ်များဖြင့် ဈေးဝယ်ကြရန် အားပေးတိုက်တွန်းလျက်ရှိသည်။

ဥရောပကော်မရှင်ကလည်း တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများကို ထိထိရောက်ရောက် ပိတ်ပင်သွားရန် ဆန္ဒရှိနေပြီး အစားထိုးပစ္စည်းများ သုံးစွဲကြရန် မေလက ကြေညာခဲ့သည်။

ကမ္ဘာတွင် လွန်ခဲ့သော ၁၀ နှစ်အတွင်း ပလတ်စတစ်ထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ထုပ်ပိုးမှုတွင် အဓိကအသုံးပြုကြသည်။

F-04



FOLLOW US