News

POST TAGGED AS

ပတ်ဝန်းကျင်

EIA လုပ်ငန်း လုပ်ကိုင်မည့်သူများကို လိုင်စင်ထုတ်ပေးမည်
နေပြည်တော်၊ ဇူလိုင် ၂၂

နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသူများ လုပ်ဆောင်မည့်လုပ်ငန်းများတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများ ငှားရမ်း အသုံးပြုနိုင်ရန် EIA လုပ်ငန်း လုပ်ကိုင်မည့်သူများကို အကြံပေးအဖြစ် အသိအမှတ်ပြုလိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။

ယင်းလိုင်စင်ကို ဇူလိုင်လ ၂၄ ရက်မှစ၍ စတင် ထုတ်ပေးမည်ဖြစ်ပြီး လတ်တလောတွင် ထုတ်ပေးမည့်ကာလကို ကန့်သတ်ထားခြင်း မရှိသေးကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနထံမှ သိရှိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အသုံးပြုနိုင်ရေး ၂၀၁၅ ခုနှစ်က ထုတ်ပြန်သည့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ EIA လုပ်ငန်းများ ဆောင်ရွက်ရန် လျှောက်ထားသည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များကို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များ ကျွမ်းကျင်ကြောင်း ဝန်ကြီးဌာနက အသိအမှတ်ပြု ထုတ်ပေးခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

“ဒီလက်မှတ် ထုတ်ပေးတာက လုပ်ထုံးလုပ်နည်းအရ ထုတ်ပေးတယ်လို့ ပြောချင်တယ်။ ဒီလက်မှတ်က ဝန်ကြီးဌာနက ထုတ်ပေးတာကို လုပ်ငန်းငှားတဲ့ လုပ်ငန်းရှင်တွေ သိစေချင်ပါတယ်”ဟု ဦးလှမောင်သိန်းက ပြောကြားသည်။

ယင်းလက်မှတ် ရရှိရန် တည်ဆဲ ဥပဒေများနှင့်အညီ လုပ်ငန်းဆောင်ရွက်ရပြီး ကုမ္ပဏီမှတ်ပုံတင်နှင့် လုပ်ငန်းလိုင်စင်အတွက် သက်ဆိုင်ရာ ဦးစီးဌာနမှ လျှောက်ယူခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများကို ပြည်တွင်း ကုမ္ပဏီများနှင့် ဆောင်ရွက်နေသည်ဟု မြေကမ္ဘာနှင့် ဝန်းကျင်သစ်ပင်ဝန်ဆောင်မှု ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးစောဂျော့ရှေက ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် ဝန်ကြီးဌာန အသိအမှတ်ပြု လက်မှတ်ထုတ်ပေးမည့် ကုမ္ပဏီအဖွဲ့အစည်း ၃၇ ဖွဲ့နှင့် လူပုဂ္ဂိုလ် ၁၄၃ ဦးရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနထံမှ သိရှိရသည်။

T.L



FOLLOW US