POST TAGGED AS

ပညာရေး

03-Jan-2017

ပညာရေး
စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများ ဖေဖော်ဝါရီလ ၂၁ ရက် စတင်စစ်ဆေးမည်
ရန်ကုန်၊ ဇန်နဝါရီ ၃

စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ်အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၇ ရက်အထိ စစ်ဆေးမည်ဖြစ်ပြီး ကျောင်းတွင်းစစ် ဖြစ်သော အခြားအတန်းများ (ဒသမတန်းမပါ) ကို ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၈ ရက်အတွင်း စစ်ဆေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ပြောကြားသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၁ ရက် (အင်္ဂါနေ့) စတင်ရခြင်းမှာ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်မည် ဖြစ်သော ချင်းအမျိုးသားနေ့နှင့် တိုက်ဆိုင်နေသောကြောင့် တစ်ရက် နောက်ဆုတ်ပေးထားခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“ချင်းအမျိုးသားနေ့က ၂၀ ရက်ဆိုတော့ ကျွန်တော်တို့က ၂၁ ရက်ကို ရွှေ့ပေးလိုက်တာ။ ၂၀ ရက်ကို လွှတ်ပေးလိုက်တာ။ ၂၀ ရက် ဆိုပေမယ့် သူတို့ သိပ်ပြောလို့ မရဘူး။ တော်ကြာ ၂၁ ရက်အထိ ပွဲလမ်းတွေလုပ်မယ် ဆိုတာ ပြည်နယ်အစိုးရ ဖြစ်မှာစိုးလို့။ သူတို့အတွက် တစ်ရက်လွှတ်ပေးလိုက်တာ” ဟု ဦးမျိုးညွန့်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၁ ရက် စတင်ရန် သက်မှတ်ထားသော်လည်း ချင်းပြည်နယ်တွင် ချင်းအမျိုးသားနေ့ ပိတ်ရက်များနှင့် ထပ်မံတိုက်ဆိုင်သော ဘာသာရပ်အတွက် ခရိုင်နှင့် မြို့နယ်အလိုက် စာမေးပွဲများကို သက်မှတ်စာမေးပွဲကာလ နောက်တစ်ရက်သို့ ပြည်နယ်ပညာရေးမှူး အစီအစဉ်ဖြင့် ပြောင်းရွှေ့စစ်ဆေးသွားရန် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရှိရသည်။

ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် နိုဝင်ဘာလကုန်ပိုင်းအထိ စာရင်းအရ အခြေခံပညာအဆင့် စတုတ္ထတန်းတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၈၉၀,၀၀၀ ကျော်ရှိပြီး အဌမတန်းတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၆၁၀,၀၀၀ ကျော်ရှိကြောင်း အခြေခံ ပညာဦးစီးဌာန စာရင်းအင်းဌာနထံမှ သိရှိရသည်။

စတုတ္ထတန်း စာမေးပွဲ အချိန်ဇယား (နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ)

ဖေဖော်ဝါရီလ ၂၁ ရက် - မြန်မာစာ
ဖေဖော်ဝါရီလ ၂၂ ရက် - အင်္ဂလိပ်စာ
ဖေဖော်ဝါရီလ ၂၃ ရက် - သင်္ချာ
ဖေဖော်ဝါရီလ ၂၄ ရက် - အခြေခံသိပ္ပံ
ဖေဖော်ဝါရီလ ၂၅ ရက် - လူမှုရေး

အဋ္ဌမတန်း အတန်းတင် စာမေးပွဲ အချိန်ဇယား (နံနက် ၉ နာရီမှ ၁၁ နာရီအထိ)

ဖေဖော်ဝါရီလ ၂၁ ရက် - မြန်မာစာ
ဖေဖော်ဝါရီလ ၂၂ ရက် - အင်္ဂလိပ်စာ
ဖေဖော်ဝါရီလ ၂၃ ရက် - သင်္ချာ
ဖေဖော်ဝါရီလ ၂၄ ရက် - ပထဝီဝင်
ဖေဖော်ဝါရီလ ၂၅ ရက် - သမိုင်း
ဖေဖော်ဝါရီလ ၂၆ ရက် - စာမေးပွဲနား
ဖေဖော်ဝါရီလ ၂၇ ရက် - အထွေထွေသိပ္ပံ

J-02



FOLLOW US