News

POST TAGGED AS

ပညာရေး

08-Dec-2016

ပညာရေး
အမေရိကန်ပြည်ထောင်စုတွင် K-12 အတန်း၌ ကွန်ပျူတာ သိပ္ပံပညာရေးကို သင်ကြားမည်
အမေရိကန်ပြည်ထောင်စု အထက်တန်းပညာ အဆင့် K-12 တွင် ကွန်ပျူတာ သိပ္ပံဘာသာရပ်ကို ဦးစားပေးကာ စတင်သင်ကြားမည် ဖြစ်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်ကို The Hill သတင်းတွင် ဖော်ပြထားသည်။ 

အမေရိကန်ပြည်ထောင်စုတွင် နည်းပညာဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာသော်လည်း၊ လုပ်ကိုင်နိုင်စွမ်း ရှိသူများ နည်းပါးလာခြင်းကြောင့် အမျိုးသားသိပ္ပံ ဖောင်ဒေးရှင်းက ကြီးမှူးပြီး လာမည့် ၂၀၁၇ ခုနှစ်အတွက် ကွန်ပျူတာ သိပ္ပံပညာရေးကို ဒေါ်လာ သန်း ၂၀ ဖြင့် စတင် အကောင်အထည်ဖော်မည် ဖြစ်သည်။ 

၂၀၁၆ ခုနှစ်တွင် သမ္မတ အိုဘားမား၏ တိုက်တွန်းချက်ဖြင့် ဒေါ်လာ ၂၅ သန်း အကုန်အကျခံကာ ကွန်ပျူတာ သိပ္ပံပညာရေးကို သင်ကြားပေးနိုင်မည့် ကျောင်းဆရာများအား မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း The Hill တွင် ရေးသားထားသည်။ 

ပြည်နယ်များတွင် ကွန်ပျူတာ သိပ္ပံပညာရပ်များကို သင်ကြားနိုင်ရေးအတွက် အမျိုးသားသိပ္ပံနှင့် နည်းပညာကောင်စီများက အကူအညီများ ပေးသွားမည် ဖြစ်ပြီး K-12 ပညာရေးတွင် ကွန်ပျူတာ အတွေးအခေါ် သဘောတရားများကို အခြေခံကျကျ စတင်သင်ကြား လေ့ကျင့်ပေးသွားရန် စီစဉ်လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် သမ္မတ အိုဘားမား လက်ထက်အတွင်း သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ ဆိုသည့် (STEM) ဘာသာရပ်များ အဓိကထား သင်ကြားရေးကို ဆောင်ရွက် အကောင်အထည်ဖော်ခဲ့ပြီး ကွန်ပျူတာ သိပ္ပံပညာရေးအတွက် နည်းပညာ အဖွဲ့အစည်း ကုမ္ပဏီပေါင်း ၂၅၀ က ဝိုင်းဝန်းထောက်ပံ့ အကူအညီပေးခဲ့ကြောင်း အိုဘားမား၏ စီမံအုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

အင်တာနက် ကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် Google ကလည်း ကွန်ပျူတာ သိပ္ပံပညာရပ်များကို အထက်တန်းကျောင်း နှစ်ကျောင်းနှင့် ကောလိပ်ကျောင်း တစ်ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးနေပြီး အလုပ်အကိုင် အခွင့်အလမ်းအတွက် အထူးအစီအစဉ်တစ်ရပ် အနေနှင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ 

လာမည့် ၂၀၁၇ ခုနှစ်က စတင်ကာ ကွန်ပျူတာ သိပ္ပံပညာရပ်ကို အထောက်အကူပြုစေမည့် သင်ခန်းစာများကို STEM ဘာသာရပ်များတွင် ၄၀ ရာခိုင်နှုန်းခန့် ထည့်သွင်းသင်ကြားသွားရန် ပြင်ဆင်လျက်ရှိပြီး ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါင်းကူးအစီအစဉ်များကိုလည်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော် စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ 

E01



FOLLOW US